Scene #12 : Never Far Away

4.4K 701 149
                                    

Open Kitchen နှင့် လိုက်ဖက်အောင် ပြင်ဆင်ထားသည့် ထမင်းစားပွဲပေါ်တွင် ကျန်းဟောင့်ဟာ မေးထောက်ရင်းဖြင့် သူ ကြည့်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင်ခဲ့ပေ။

လက်ရှိတွင် ဆောင်းဟန်ဘင်းဟာ အေပရွန်ကို ဝတ်ထားရင်းဖြင့် ခေါက်ဆွဲပြုတ်ထဲ ထည့်မည့် အဆာပလာများကို စိတ်ရှည်လက်ရှည်ဖြင့် ပြင်ဆင်လို့နေခဲ့သည်။ တီရှပ်အဖြူကြောင့် နေပါမည် ၊ ဆောင်းဟန်ဘင်း၏ အပေါ်ပိုင်း ခန္ဓာကိုယ် အချိုးအစားက ထင်ထင်ရှားရှား။

ကျန်းဟောင့်ဟာ Variety Show များထဲတွင်သာ မြင်ဖူးခဲ့ပါသည့် ဆောင်းဟန်ဘင်းက မီးဖိုချောင်ထဲ ချက်ပြုတ်နေသော ပုံရိပ်ကို ကိုယ်တိုင် မြင်ရလိမ့်မည်ဟု တွေးတောင် မတွေးခဲ့ဖူးပါချေ။ ထို့ကြောင့် သူ့မာနသာ ခံမနေခဲ့ပါလျှင် ကျန်းဟောင့်ဟာ ချက်ချင်း ဖုန်းကို ထုတ်လိုက်ပြီး ဆောင်းဟန်ဘင်း ဟင်းချက်နေသည့် ပုံစံကို တစ်စက္ကန့်လေးတောင် မလွတ်ရအောင် ဗီဒီယို ရိုက်ထားမိပါလိမ့်မည်။

" ရပါပြီ~ "

ဆောင်းဟန်ဘင်းက အသံလွင်လွင်လေးဖြင့် ခေါက်ဆွဲပြုတ်အိုးကို သူ့အရှေ့သို့ ချလာပေးပြီး အဖုံးကို ဖွင့်လိုက်သည့်အခါ တထောင်းထောင်း ထလာသည့် အငွေ့များနှင့်အတူ ကြက်ဥများအပြင် Sausage များကိုပါ အောတိုက်ထည့်ထားသဖြင့် ခေါက်ဆွဲတောင် ပျောက်ချင်ချင် ဖြစ်နေသော ခေါက်ဆွဲပြုတ်ကို မြင်လိုက်ရပါတော့သည်။ ကျန်းဟောင့်ဟာ ထိုခေါက်ဆွဲပြုတ်အိုးကို မြင်မြင်လိုက်ချင်းမှာပင် ပါးမို့များကို ဘယ်လိုမှ မထိန်းနိုင်ခဲ့။

ပြင်ဆင်ရသည်မှာ ဘာမှ မခက်သည့် ဟင်းတစ်မျိုး ဖြစ်ပါသည့်တိုင် အရေးကြီးသည်မှာ လုပ်ကျွေးနေသည့်လူက ကိုယ့်ကို စားစေချင်ခဲ့သည် ဆိုသည့် စိတ်ပင် မဟုတ်ပါလား။

ကျန်းဟောင့်ဟာ ဗိုက်တစ်စက်ကလေးမှ ဆာမနေခဲ့ပါသည့်တိုင် ဆောင်းဟန်ဘင်း ပြုတ်ထားသည့် ခေါက်ဆွဲကိုတော့ တစ်ဝက်လောက်မျှ ကုန်အောင် စားလိုက်နိုင်ပါ၏။ နောက်ထပ်တစ်ဝက်ကိုမူ သေချာပေါက် ဆောင်းဟန်ဘင်းက စားလိုက်သည်ပင်။

ဆောင်းဟန်ဘင်းက အတန်တန် တားပါသည့်တိုင် ယဥ်ကျေးသမှုကြောင့် ကျန်းဟောင့်က ပန်းကန်ကို မရမက ဆေးပေးပြီးသည့်အခါတွင် အချိန်က ည ၂ နာရီ ဖြစ်နေခဲ့လေပြီ။ ကျန်းဟောင့်ဟာ နာရီကို ငုံ့ကြည့်ပြီးနောက် ဒီအချိန်၌ ဘတ်စ်ကားများက မရှိလောက်တော့ ဟု တွေးပြီး ကြိုကာ စိတ်ညစ်နေမိတော့၏။

Starstruck LoveWhere stories live. Discover now