Extra #5 : Belief

3.6K 443 38
                                    

နှာဖျားထဲသို့ တိုးဝင်လာသည့် ကော်ဖီနံ့သင်းသင်းဟာ ကျန်းဟောင့်၏ ဝေဝါးနေသော အာရုံများကို နှိုးဆွနိုင်ဖို့အတွက် အသင့်တော်ဆုံး ရနံ့တစ်ခု ဖြစ်ခဲ့ရသည်။ မနေ့ညတုန်းက အများကြီး ငိုခဲ့မိပါသဖြင့် မျက်လုံးများက ဖောင်းမို့နေကြောင်းကို အတိုင်းသားခံစားမိနေလေ၏။

အကျင့်အလျောက် လက်က ဘေးကို စမ်းကြည့်မိလိုက်သည့်အခါ ဟန်ဘင်းက ရှိမနေတော့။ သို့သည့်တိုင် အိပ်ခန်းထဲထိကို သင်းနေတဲ့ ကော်ဖီရနံ့ကြောင့် အပြင်ကို ထွက်သွားခြင်းမျိုး မဟုတ်ဘဲ သူ့အတွက် မနက်စာ ပြင်နေခြင်း ဖြစ်လောက်မည့်မှာ သေချာလောက်ပါသည်။

လက်ချောင်းသွယ်သွယ်များကို မျက်နှာရှေ့သို့ ဆန့်တန်းမိလိုက်သည့်အခါ လက်ကောက်ဝတ်ထက်တွင် နေရာယူထားသည်မှာ နီရဲနေပါသည့် သွားရာများ။ တစ်ခါတလေကျ ဆောင်းဟန်ဘင်းဟာ သူ့ ခန္ဓာကိုယ်ပေါ်တွင် အရာများ ထင်းနေအောင် ချန်ခဲ့ရခြင်းကို အတော်လေးကို သဘောကျတတ်ပါ၏။ ခဏနေသာ ရေချိုးခန်းထဲ ဝင်မိပါလျှင် မှန်ထဲ၌ မစိမ်းသက်နေသည့် အမှတ်အသားပေါင်းစုံကို မြင်ရဦးမည် ထင်ပါသည်။

ကျန်းဟောင့်ဟာ တစ်ချက် ပြုံးမိလိုက်ပြီးနောက် စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် ခေါက်ပေးထားသည့် အင်္ကျီခပ်ပွပွကို ယူဝတ်လိုက်ပြီးနောက် မီးဖိုချောင် ရှိရာထံသို့ ခြေလှမ်းဖြည်းဖြည်းမှန်မှန်လေးဖြင့်သာ ထွက်လာခဲ့လိုက်၏။

မီးဖိုချောင်ထဲ၌မူ သူ မှန်းထားသည့်အတိုင်းပင် ဆောင်းဟန်ဘင်းက အသင့်ပြင်ပြီးသွားသည့် မနက်စာနှင့်အတူ သူ့ကို စောင့်ဆိုင်းနေခဲ့သည်။ သူ အချိန်ကိုက် လုပ်နိုင်ခဲ့ကြောင်း သိနေသည့် အပြုံးမျိုးနှင့်အတူ သူ့ကို ကြည့်နေခဲ့ပါသည့် ဟန်ဘင်း၏ ပုံစံဟာ ဒီနေ့ကျမှ တမူထူးနေခဲ့ပါသလို။

" ပင်ပန်းနေမယ့် ကိစ္စကို အစောကြီး ထနေသေးတယ် "

ကျန်းဟောင့်က စားပွဲတွင် ဝင်ထိုင်ရင်း ရယ်သံလေး စွက်လျက် ပြောလာသည့်အခါ ဟန်ဘင်းက ကော်ဖီခွက်ကို သူ့ရှေ့သို့ တိုးပေးလိုက်ရင်း သူ မြင်နေကျ အပြုံးတစ်ခုဖြင့်။

Starstruck LoveWhere stories live. Discover now