ဂျီအွန်းဟာ စတူဒီယိုထဲ၌ ထိုင်ပြီး ရိုက်ကူးရေးကလစ်များကို ထိုင်ကြည့်နေချိန်တွင် ကြားနေကျဖြစ်လေသည့် Ringtone က ပျံ့လွင့်လာခဲ့ပြီး ဖုန်းခေါ်ဆိုသူကမူ ထုံးစံအတိုင်း မက်သျူးသာ။ နာရီကို ကြည့်လိုက်သည့်အခါ ည ၁၁ နာရီကျော်နေခဲ့ပြီ။
မက်သျူးက ကျန်းဟောင့်ကို သဘောကျနေကြောင်း သူ သိခဲ့ရပြီးသည့် အချိန်မှစလို့ နှစ်လကျော် ကြာမြင့်ခဲ့လေပြီ။ ဂျီအွန်းကမူ အခြားဇာတ်ကားများကို ရိုက်ကူးရန်အပြင် ဤဇာတ်ကားကိုလည်း တည်းဖြတ်ဖို့ ပြင်ဆင်နေခဲ့ရပါသဖြင့် အလုပ်မအားလပ်ခဲ့ပါချေ။ ဤသည်မှာ မက်သျူးဘက်ကလည်း ထပ်တူထပ်မျှ ဖြစ်လေသောကြောင့် သူတို့နှစ်ယောက်က အပြင်မှာ ဆုံတွေ့ဖို့အတွက် အခွင့်အရေး သိပ်ပြီး မရှိခဲ့တော့။
သို့သည့်တိုင် ဤသည်မှာလည်း ကောင်းဖို့အတွက် ဖြစ်လာခဲ့ခြင်းဟု ဂျီအွန်းက ထင်ခဲ့မိလိုက်သည်။ ဘာပဲပြောပြော နှစ်ယောက်လုံး အနေဝေးနေခဲ့ပါလျှင် ဂျီအွန်းလည်း အလုပ်အပေါ် အာရုံစိုက်မိမည် ဖြစ်လေသည့်အတွက် မက်သျူးနှင့် ပတ်သတ်သည့် ကိစ္စများကို.. အနည်းငယ်လောက်မျှ ဖြစ်ဖြစ် မေ့လျော့နိုင်လောက်ပါသည်။
အသက်အရွယ်အားဖြင့်လည်း မငယ်တော့ပါသဖြင့် တစ်ဖက်သတ်အချစ်အတွက် ထိုင်ကာ ပူဆွေးနေရမည့် အချိန်မျိုးက ဂျီအွန်းထံတွင် ရှိမနေခဲ့။ သူ့ထံတွင် လုပ်စရာများက တောင်လိုပုံနေခဲ့သည် မဟုတ်ပါလား။ သူကိုယ်တိုင်လည်း ရှေ့သို့ မတိုးချင်သေးသည့် ခံစားချက်များအတွက် အချိန်ယူပြီး ဆွေးမြည့်နေရလောက်အောင်လည်း သူက ကလေးမဆန်ချင်ပါတော့ချေ။
အဆက်အသွယ် ပြတ်နေပါလျှင် သူလည်း ခံစားချက်တို့ လျော့ပါးသွားနိုင်သည်ဟု တွေးခဲ့မိပါသော်ငြား ကံတရားကတော့ သူ့ကို မျက်နှာသာမပေးခဲ့ပြန်။
ဆက်တိုက်မြည်နေသည့် ဖုန်းကို ကိုင်လိုက်သည့်အခါ ယခင်အတိုင်းပင် အနည်းငယ်မျှ ရီဝေနေပုံ ပေါက်နေသည့် မက်သျူး၏ လေသံလေးက ဖုန်းတစ်ဖက်ခြမ်းမှ လွင့်ပျံလာခဲ့သည်။
" ဟျောင်း.. ဘာလုပ်နေတာလဲ "
" ဒီအတိုင်း.. တည်းဖြတ်ဖို့ ပြင်နေတာ "
YOU ARE READING
Starstruck Love
Fanfiction𝑺𝒕𝒂𝒓𝒔𝒕𝒓𝒖𝒄𝒌 : 𝒇𝒂𝒔𝒄𝒊𝒏𝒂𝒕𝒆𝒅 𝒐𝒓 𝒈𝒓𝒆𝒂𝒕𝒍𝒚 𝒊𝒎𝒑𝒓𝒆𝒔𝒔𝒆𝒅 𝒃𝒚 𝒇𝒂𝒎𝒐𝒖𝒔 𝒑𝒆𝒐𝒑𝒍𝒆, 𝒆𝒔𝒑𝒆𝒄𝒊𝒂𝒍𝒍𝒚 𝒕𝒉𝒐𝒔𝒆 𝒄𝒐𝒏𝒏𝒆𝒄𝒕𝒆𝒅 𝒘𝒊𝒕𝒉 𝒕𝒉𝒆 𝒆𝒏𝒕𝒆𝒓𝒕𝒂𝒊𝒏𝒎𝒆𝒏𝒕 𝒊𝒏𝒅𝒖𝒔𝒕𝒓𝒚. Binhao x Woongtthew