Take #15 : Disorder

3.6K 629 69
                                    

မြစ်ကမ်းဘေး၌ မက်သျူး၏ ခံစားချက်များကို တစ်စိတ်တစ်ပိုင်း ကြားခဲ့ရသော နေ့ကတည်းက ဂျီအွန်းဟာ မက်သျူးနှင့် မျက်နှာချင်းမဆိုင်နိုင်ခဲ့ပါချေ။ မက်သျူး၏ မျက်နှာကိုသာ မြင်လိုက်ရပါလျှင် ဂျီအွန်းဟာ စိတ်မထိန်းနိုင်ဘဲ သူ ခံစားနေရသမျှကို အကုန်လုံး ထုတ်ပြောမိတော့မလို ခံစားနေရသဖြင့်ပင်။

အစကမူ သူ ကိုယ်တိုင်လည်း ကျန်းဟောင့်ကို ပြောဖူးပါ၏ ၊ " ဒီအတိုင်း အနားတွင် နေပေးနိုင်ပါလျှင် အဆင်ပြေပါပြီ " ဟု။

သို့သည့်တိုင် တကယ်တမ်းကျ သူ့ စိတ်က ဒီလောက်နဲ့ပဲတော့ မတင်းတိမ်နိုင်ခဲ့ပါချေ ၊ မက်သျူးက တခြားလူတစ်ယောက်ကို သဘောကျနေသည့် မြင်ကွင်းကိုတော့ ငြိမ်ငြိမ်လေး ရပ်ပြီး ကြည့်နေရလောက်သည်အထိတော့ သူ ခန္ဓီပါရမီတို့ ပြည့်မနေခဲ့။

" မက်သျူး.. မင်း ကိုယ့်ကိုရော မမြင်မိဘူးလား.. "

မက်သျူးက သူ့ ပခုံးကို မှီပြီးတော့ အိပ်ပျော်သွားခဲ့ချိန်တွင် ဂျီအွန်းဟာ သက်ပြင်းတို့နှင့်အတူ ထိုစကားကို တိုးဖွဖွလေး ပြောမိခဲ့ပါ၏။ သေချာပေါက် မက်သျူးကတော့ ကြားသွားခဲ့လိမ့်မည် မဟုတ်ပါ။

စိတ်ပျက်စရာဟုပင် ပြောရမလား ၊ ဝမ်းနည်းစရာဟုပင် ပြောရမလား။ ဂျီအွန်းကတော့ အရာအားလုံးကို သူက အသုံးမကျခြင်းဟုသာ ပုံချမိချင်ခဲ့ပါသည်။ သူကသာ သတ္တိအရင်မွေးပြီး အစောကတည်းက ဖွင့်ပြောထားခဲ့ပါလျှင် မက်သျူးက ကျန်းဟောင့်ထံသို့လည်း အခုလိုမျိုး စိတ်ယိုင်သွားခဲ့မည် မဟုတ်လောက်ပါ။

သူ မဖမ်းဆုပ်နိုင်သဖြင့် လက်လွှတ်လိုက်ရသည့် အခွင့်အရေးများကို အခုမှ ပြန်ကာ ငိုကြွေးတောင့်တနေခဲ့လျှင်‌ရော ဘာများ ထူးလိမ့်မည်နည်း။

ထိုညက ဂျီအွန်း အိပ်မပျော်ခဲ့။ ဆိုဂျူကို ပုလင်းလိုက်ကိုင်ပြီး မော့ချထားသည့် မြေခွေးပေါက်လေးကမူ ဘာဆိုဘာမှ မသိလေဘဲ သူ့ပခုံးကိုသာ အားကိုးတကြီး မှီရင်းဖြင့် အိပ်ပျော်သွားခဲ့သည်။

ဂျီအွန်းကမူ တသွင်သွင်စီးနေသည့် မြစ်ရေများကိုတစ်လှည့် ၊ အေးချမ်းလှစွာ အိပ်ပျော်နေသည့် မက်သျူး၏ မျက်နှာမှ ပါးရဲရဲလေးများကို တစ်လှည့် ကြည့်ရင်းဖြင့် အတွေးတွေ အများကြီးကိုသာ မနိုင်နိုင်အောင် ထိန်းချုပ်ထားရလေ၏။ လူတစ်ယောက်ကို ချစ်နေရခြင်းကသာ အပြစ် ဖြစ်နေခဲ့မည်ဆိုပါလျှင် မက်သျူးကတော့ သူ တစ်သက်လုံး အကျဥ်းကျနေတော့မည့် ထောင် ဖြစ်လာလောက်ပါသည်။

Starstruck LoveDonde viven las historias. Descúbrelo ahora