Chapter 206

691 79 5
                                    

စာစဉ် 14 Chapter 206 တစ်နည်းပဲ ရှိတယ်

ရှောင်ဖေးဖေး ခုတင်ပေါ်မှ ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ သူမမျက်နှာက နီမြန်းနေပြီး ရဲ့လင်းချန်အား မျက်နှာချင်း ဆိုင်ရမည်ကို စိုးရွံ့နေလေသည်။

"ဖေးဖေး ဒီမှာ ဆန်ပြုတ်"

ထိုစဉ် အစ်မလင်းက ဆန်ပြုတ်ပန်းကန်ကိုင်၍ ဝင်လာသည်။

"အစ်မဖေးဖေး မြန်မြန် စားလိုက်ပါ"

ရဲ့လင်းချန်က ပြုံး၍ တိုက်တွန်းလေသည်။

ရှောင်ဖေးဖေးက နှုတ်ခမ်းလှုပ်ရုံမျှ ပြန်ဖြေ၍ ဆန်ပြုတ်ကို ဖြည်းဖြည်းချင်း စားလိုက်သည်။ သူမ အစားအစာ၏ အရသာကို ခံစားနိုင်ခဲ့သည်က အတော်လေး ကြာနေလေပြီ။

သူမ အချိန်ယူ၍ စားနေလိုက်သည်။ တဖြည်းဖြည်းနှင့် သူမမျက်ဝန်းတွင် မျက်ရည်များ ဝေ့ဝဲလာသော်လည်း သူမ နှုတ်ခမ်းကို တင်းနေအောင် စေ့၍ မငိုမိအောင် ထိန်းထားသည်။

"လင်းချန် ငါ အိပ်မက် မက်နေတာလား"

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ဖျတ်ခနဲ ကြည့်၍ မေးလိုက်သည်။

လက်ရှိအချိန်၌ သူမအတွေးက အနည်းငယ် ထိုင်းမှိုင်းနေသည်။ သူမ သေဘေးနှင့် နီးကပ်ခဲ့သောကြောင့် အိမ်၌သာ နေ၍ တိတ်တဆိတ် ထွက်ခွာသွားရန် ပြင်ဆင်ခဲ့သည်။ ရဲ့လင်းချန် ရောက်လာပြီး သူမရောဂါကို ကုသပေးလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပါ။

"အစ်မဖေးဖေး ဒါ အိပ်မက် မဟုတ်ပါဘူး"

'လင်းချန် နင်က တကယ် အံ့ဩဖို့ကောင်းတယ်၊ နင့်မှာ ဆေးပညာ ဗဟုသုတတောင် ရှိနေတာပဲ"

ရှောင်ဖေးဖေးက ခေါင်းလေးစောင်း၍ ရဲ့လင်းချန်ကို ကြည့်လာသည်။ ရဲ့လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရောင်စဉ်များ ဖြာထွက်နေသည်ဟု သူမ ခံစားမိနေသည်။ သူက သူမ ဆောက်တည်ရာမရဖြစ်ကာ ကူကယ်ရာ မဲ့နေသော အချိန်၌ သူမအား ချောက်ထဲမှ ဆွဲတင်လာသော သူမ၏ ကိုယ်ပိုင် မင်းသားလေးလိုပင်။

ရှောင်ဖေးဖေး၏ အကြည့်ကြောင့် ရဲ့လင်းချန် အိုးတိုးအန်းတမ်းဖြစ်ကာ နှာခေါင်းပွတ်နေမိသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now