Chapter 358

399 36 0
                                    

စာစဉ် 24 Chapter 358 မင်းရဲ့ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်

သုံးယောက်သား စကားတပြောပြောနှင့် ပြပွဲထံသို့ လျှောက်လာကြသည်။

ပြပွဲအား ကြီးမားကျယ်ပြန့်သော မြေကွက်လပ်၌ ကျင်းပခြင်း ဖြစ်သည်။ ၎င်းသည် မူလက အကွေ့အကောက်များနှင့် ကားမောင်းပြိုင်ပွဲနေရာ ဖြစ်သည်။ ပြပွဲတွင်း လူများစွာ ဝန်းရံနေပြီး အချင်းချင်း စကားပြောလျက်နှင့် လည်ကိုဆန့်၍ ပိုမြင်ရရန် ကြိုးစားနေကြသည်။

ရှုနန်နှင့် ရှုဝမ်ချင်းတို့သည် ကားမောင်းခြင်း မစခင် အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာ၏ ချို့ယွင်းချက်များကို ရဲ့လင်းချန် ထောက်ပြနိုင်ရန် မျှော်လင့်နေကြသည်။ လမ်းပေါ်၌ မောင်းနှင်ရာတွင် ပြဿနာ တစ်ခုခု ဖြစ်ခြင်းမှ ရှောင်လွဲနိုင်ရန် သူ လျင်မြန်စွာ ပြုပြင်ပေးနိုင်ပါစေဟုလည်း မျှော်လင့် နေကြသည်။

"အဲ့ဒီမှာ ရပ်လိုက်"

သူတို့သုံးယောက် ပြပွဲတွင်း ဝင်လိုက်သည်နှင့် လုံခြုံရေးက လက်ကိုဆန့်တန်း၍ ရဲ့လင်းချန်ကို တားလာသည်။

"ငါ ဘယ်သူလဲ နင် မသိဘူးလား၊ ဒါ ငါ့ဆရာ၊ လမ်းဖယ်စမ်း"

ရှုနန်က တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ် မမလေးရှု၊ ဒါရိုက်တာအိုးရန်က ခင်ဗျား ခေါ်လာတဲ့ ဘယ်သူမဆိုကို ဝင်ခွင့်မပြုဖို့ အထူးညွှန်ကြားထားလို့ပါ၊ အထူးသဖြင့် ခင်ဗျားဆရာကိုပေါ့"

လုံခြုံရေးက တည်ငြိမ်စွာ တောင်းပန်လေသည်။

"သူက ဘာသဘောလဲ၊ နင်က သူ့အမိန့်ကို နားထောင်တာလား၊ ငါ့အမိန့်ကို နားထောင်တာလား၊ အခုချက်ချင်း လမ်းဖယ်၊ ဒါမှမဟုတ် နင် ထွက်သွားလိုက်"

ရှုနန်က မကျေမနပ် ပြောလိုက်သည်။

သို့သော် လုံခြုံရေးက သူ့နေရာ၌ မတ်မတ်ရပ်၍ တည်ငြိမ်စွာ ပြန်ပြောသည်။

"ဥက္ကဋ္ဌရှုကလည်း မမလေးရှု တစ်ယောက်ယောက်ကို ခေါ်လာချင်ရင် ဒါရိုက်တာအိုးရန်ရဲ့ ခွင့်ပြုချက် လိုတယ်လို့ အမိန့်ပေးထားပါတယ်"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now