Chapter 249

627 57 1
                                    

စာစဉ် 17 Chapter 249 ဒါက လူမသိအောင် သိုသိုဝှက်ဝှက်နေတာတဲ့လား

ထိုအချိန်တွင် တရုတ်ပြည်က ကျူးကျော်ခံနေရသည်။ မရေတွက်နိုင်သော အနောက်တိုင်းသားများက မတရား သဖြင့် ပြုမူကြသည်။ သူတို့က ကျင်းမန်တွင် ပြိုင်ကွင်းတစ်ခုပင် တည်ဆောက်လိုက်ပြီး တရုတ်လူမျိုး သိုင်းသမားများအားလုံးကို အနိုင်ယူရန် စီစဉ်ထားသည်။
ကျင်းမန်၏ အတော်ဆုံး တိုက်ခိုက်ရေးသမား ဟော်ရန်ကျားသည် ဘယ်သူမှ မမှတ်မိသော အတိတ်က အရာတစ်ခု ဖြစ်နေခဲ့သည်။ ထိုနေရာမှ သူတောင်းစားတစ်ဦးသာလျင် သူ့ကို မှတ်မိနေခဲ့လေသည်။ ဟော်ရန်ကျားကို မြင်လိုက်သည့် အခိုက်မှာပင် သူက ကျယ်လောင်စွာ အော်ရယ်တော့သည်။
"ကျင်းမန်ရဲ့ အတော်ဆုံး တိုက်ခိုက်ရေးသမား ဟော်ရန်ကျား ပြန်လာပြီဟေ့"
ထိုအသံက သူ့စိတ်ထဲ ရိုက်ခတ်နေပြီး သူ အချိန်အတော်ကြာအောင် ကြက်သေ သေနေမိသည်။
သူက အင်္ဂလိပ်စာတို့နှင့် ပြည့်နေသော သတင်းစာကို ကြည့်လိုက်ပြီးနောက် ပြိုင်ကွင်းကို လှမ်းကြည့်သည်။ သိုင်းသမား တစ်ယောက်ပြီး တစ်ယောက် သေမတတ် ရိုက်နှက်ခံနေရလေသည်။
နောက်ဆုံးတွင် သူ ဝင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူ့နိုင်ငံအတွက်၊ တရုတ် သိုင်းပညာအတွက်ပင်တည်း။
ရုပ်ရှင်က အမြင့်ဆုံးသို့ ရောက်ရှိသွားလေသည်။ ဟော်ရန်ကျားက ပြိုင်ကွင်းထဲသို့ ထပ်မံ၍ ခြေချခဲ့သည်။ သို့ရာတွင် ယခုတစ်ခေါက်၌ သူသည် သူ့အတွက် တိုက်ခိုက်ခြင်း မဟုတ်ပါ။ သူ့နိုင်ငံအတွက်၊ အရှေ့အာရှ၏ ငပျော့ကောင် ဟူသော ခေါင်းစဉ်ကို သူတို့အတွက် ရှင်းလင်းချင်သောကြောင့်ပင်။
ဟော်ရန်ကျားက နိုင်ငံခြားသား တစ်ယောက်ပြီး တစ်ယောက်အား အနိုင်ယူသည်ကို မြင်သောအခါ ကြည့်နေသူများက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ စိတ်ထဲမှ သူ့အတွက် အားပေးနေမိသည်။
အထူးသဖြင့် "မင်း ငါ့ကို လှောင်လို့ရတယ်၊ ဒါပေမဲ့ မင်း တရုတ်ကွန်ဖူးကို လှောင်လို့ မရဘူး" ဟူသော စကား ထွက်လာချိန်တွင်ပင်။
ချက်ချင်းဆိုသလိုပင် ထိုစကားက ကြည့်ရှုသူများ၏ စိတ်ထဲ၌ လှိုင်းထန်လာစေပြီး ကြီးမားသော ခံယူချက် ထင်ကျန်ရစ်စေသည်။
နိုင်ငံခြားသားများ လှည့်ပတ်၍ ဝင့်ဝါနေသည်ကို ကြည့်နေစဉ်မှာပင် ရုပ်ရှင်၏ ကာလာက ထိုင်းမှိုင်းလာသည်။
ဟော်ရန်ကျားက တိုက်ခိုက်ရေးသမားကောင်း ဖြစ်သော်လည်း လူယုတ်မာများ၏ ဆိုးယုတ်သော အကြံအစည် များကို မကာကွယ်နိုင်ခဲ့ပါ။
နောက်ဆုံးပြိုင်ပွဲတွင် သူ အဆိပ်ခတ်ခံရပြီး ထိုအခြေအနေဖြင့် တိုင်းတပါးသား လက်ဝှေ့ချန်ပီယံနှင့် ယှဉ်ပြိုင်ရ လေသည်။
ဟော်ရန်ကျားသည် သူ့ပြိုင်ဘက်များ၏ တိုက်ခိုက်မှုများကို ခံနေရပြီး သွေးအန်လျက် ရှိနေသည်ကို သူတို့ ကြည့်နေရသည်။ လူတိုင်း ဒေါသထွက်ကာ မခံမရပ် ဖြစ်သလို ခံစားနေရလေသည်။ ဟော်ရန်ကျားက အကြိမ်တိုင်း ပြန်ရပ်သည်ကို ကြည့်ပြီး သူတို့ အလွန်အမင်း စိတ်ထိခိုက်ကာ သူ့အား လေးစားမိသည်။
သိုင်းသမားတစ်ယောက်၏ စိတ်ဓာတ်က ဟော်ရန်ကျားအား အကြိမ်ကြိမ် ပြန်လည် တိုက်ခိုက်နိုင်အောင် ပံ့ပိုးပေးခဲ့သည်။ ဟော်ရန်ကျား အနိုင်ရကြောင်း ဒိုင်က ကြေညာသောအခါ တစ်နိုင်ငံလုံး အောင်ပွဲခံကြသလို ရုပ်ရှင်ရုံထဲ၌လည်း အော်ဟစ် အားပေးသံများ ထွက်ပေါ်လာ၏။
ကြည့်ရှုသူများသည် မရည်ရွယ်ဘဲ ထရပ်ကာ လက်ခုပ်ဩဘာ ပေးကြလေသည်။
သို့သော် ဟော်ရန်ကျား မြေကြီးပေါ် လဲကျသွားသည်ကို မြင်သောအခါ တစ်ရုံလုံး တိတ်ဆိတ်သွားသည်။
ထိုအခိုက်တွင် ကြည့်ရှုသူများသည် မျက်ရည်များဖြင့် ဖုံးလွှမ်းလာလေသည်။ တရှုံ့ရှုံ့ ငိုသံများက ရုပ်ရှင်ရုံ တစ်ခုလုံး၌ လွှမ်းမိုးလာသည်။ အချို့သော ကြည့်ရှုသူများမှာမူ တိတ်တဆိတ် မျက်လုံးထောင့်ကို ပွတ်နေကြသည်။
"ဒီရုပ်ရှင်က အံ့ဩဖို့ကောင်းလိုက်တာ"
"ဒါက သိပ်ကောင်းတယ်၊ ငါ အချိန်နောက်ပြန် ရောက်သွားသလိုမျိုး ခံစားလိုက်ရတာ"
"ငါ အခုထိ အဲ့ထဲကနေ ရုန်းမထွက်နိုင်သေးဘူး၊ ဟော်ရန်ကျားက ငါတို့ရှေ့မှာ သက်ရှိထင်ရှား ရှိနေသလိုမျိုး ခံစားနေရတယ်"
"ဒီရုပ်ရှင်က ငါတို့ကို အများကြီး ပြောပြသွားတာ၊ ဒီထဲမှာ ငါ ဘဝအကြောင်းနဲ့ အခြား အတွေးအခေါ်တွေ အများကြီး တွေ့လိုက်ရတယ်"
"ဒါ ငါ ဒုတိယအကြိမ် ပြန်ကြည့်တာပဲ၊ ပိုပြီးတော့ ကောင်းသလိုတောင် ခံစားနေရတယ်၊ ဒီရုပ်ရှင်က တကယ်ကို အံ့ဩဖို့ကောင်းတယ်"
"ဝိုင်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ၊ ပထမဆုံးအကြိမ်မှာတောင် ဒီလောက် ကောင်းတဲ့ရုပ်ရှင်မျိုး ရေးနိုင်တယ်၊ ဒီမှာသာ သူကိုယ်တိုင် သရုပ်ဆောင်ရင် ပိုကောင်းဦးမှာ၊ သူ ဒီ့ထက်ပိုကောင်းတဲ့ ရုပ်ရှင်တွေ ဖန်တီးမှာကို ငါ မစောင့်နိုင်တော့ဘူး"
တစ်ခဏကြာသော် ကြည့်ရှုသူများသည် ငေးငိုင်နေသော အခြေအနေမှ သတိဝင်လာကြပြီး ရုံအတွင်း၌ အံ့ဩ ကျေနပ်သံများ ပြည့်နှက်လာ၏။
သူတို့သည် ခုံများ၌ ဆက်ထိုင်နေကြပြီး ရုပ်ရှင်ရုံ ဝန်ထမ်းများက သူတို့ကို ထွက်သွားပေးကြရန် တောင်းဆိုမှသာ ထလာပြီး ထွက်သွားကြသည်။
လူအုပ်ကြီးသည် ရုပ်ရှင် စကတည်းက ဝိုင်အကြောင်း ပြောနေကြသည်။ ဝိုင်က သူတို့ကြားထဲ၌ ရှိနေမှန်း မသိဘဲ ပျော်ရွှင်စွာ ချီးမွမ်းနေကြလေသည်။
"လင်းချန် နေ့တစ်ဝက်တည်းနဲ့တင် ဟော်ရန်ကျားရဲ့ box office ရောင်းအားက ရှစ်သန်း ကျော်နေပြီနော်၊ ဒီနှုန်းနဲ့ဆိုရင် ဆက်တိုးလာဦးမှာ"
ရှောင်ဖေဖေးက ရုပ်ရှင် box office site ထဲ ဝင်ကြည့်ပြီး ရဲ့လင်းချန်အား ပြလိုက်သည်။
အောက်တိုဘာ တစ်ရက်နေ့တွင် ဟော်ရန်ကျား၏ လက်မှတ်ရောင်းအားက တစ်သန်းကျော်ရုံမျှသာ ရှိပြီး ဆိုးရွားသော ဝေဖန်ချက်များ ရှိခဲ့သည်။ ထိုအခိုက်တွင် ငါက သူရဲကောင်း၏ လက်မှတ် ရောင်းအားက သန်းသုံးဆယ်သို့ ရောက်ရှိနေလေပြီ။
မနေ့က Tik Tok မှ အဖြစ်အပျက် အပြီးတွင် ဟော်ရန်ကျား၏ box office ရောင်းအားက ငါးသန်းနီးပါးသို့ ရောက်ရှိခဲ့သည်။ ရုပ်ရှင်ရုံကြီးများမှ လက်မှတ်များအားလုံး ရောင်းကုန်သွားချိန်တွင် ငါက သူရဲကောင်း၏ box office ရောင်းအားက ၂၆ သန်း ရှိနေခဲ့သည်။
ယနေ့ အပို ထပ်ပြသော ရုံတင်ချိန်ကိုပါ ပေါင်းလိုက်လျင် box office ရောင်းအားက ရှစ်သန်း ကျော်သွားလေပြီ။ တစ်ဖက်တွင်မူ ငါက သူရဲကောင်း၏ box office ရောင်းအားက ယနေ့ ရှစ်သန်းကိုပင် မရောက်ချင်သေးပင်။
ဤသို့သော နှိုင်းယှဉ်ချက်က လူတိုင်းကို ကြောက်လန့်သွားစေလောက်သည်။ ၎င်းက ထိတ်လန့်စရာကောင်းသော အပြောင်းအလဲပင်။
အစတွင် ငါက သူရဲကောင်း၏ ရုံတင်ပြသခွင့်က ၃၅ ရာခိုင်နှုန်း ရှိပြီး ဟော်ရန်ကျားက ၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
လက်ရှိ ကိန်းဂဏန်း အချက်အလက်အရဆိုလျင် ဟော်ရန်ကျားက အရှိန်ရလာမှန်း သိသာလှသည်။
ရှောင်ယွမ်သည် ဝူဟန်၏ ပရိသတ်တစ်ယောက် ဖြစ်သည်။ သူမသည်သာမက သူမ၏ အတန်းဖော်များ အားလုံးသည်လည်း ဝူဟန်၏ ပရိသတ်များ ဖြစ်လေသည်။
အစက အမျိုးသားနေ့ အားလပ်ရက်သည် သူတို့ ပျော်ရွှင်ကာ ပျော်ပါးနေသည့် နေ့တစ်နေ့ ဖြစ်သည်။ သို့သော် သူတို့၏ အမူအရာများအရ သူတို့ ပျော်မနေမှန်း လူတိုင်း ပြောနိုင်ပေသည်။
အမျိုးသားနေ့ အားလပ်ရက်၏ ပထမဆုံးနေ့တွင် သူတို့သည် စိတ်လှုပ်ရှားနေပြီး အတန်း၏ စကားပြောခန်းတွင် ဝူဟန်ကို အားပေးရန်အတွက် ဝူဟန်၏ ငါက သူရဲကောင်းကို သွားကြည့်ရန် အစီအစဉ်များပင် ဆွဲထားလေသည်။ တကယ်တမ်းတွင်လည်း သူတို့ ထိုသို့ လုပ်ခဲ့ကြသည်။
ပြီးခဲ့သော ရက်များအတွင်း သူတို့သည် ဝူဟန်၏ ကြည့်ကောင်းသော ရုပ်ရည်ကို ဆွေးနွေးပြောဆိုခဲ့ကြပြီး သူ့အား သူတို့၏ ယောက်ျားဟုပင် ပြောဆိုကြလေသည်။
သို့သော် ဟော်ရန်ကျားက ပြန်လည်ဦးမော့လာသောအခါ သူတို့ တစ်ခုခု လွဲနေသလို ခံစားနေရသည်။ မနေ့က ဝေ့ပေါ်မှ ဝူဟန်၏ ပို့စ်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်တွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။
တစ်တန်းလုံး ဆူညံပွက်လောရိုက်သွားပြီး အားလုံး အရူးသဖွယ် အော်ဟစ်ကာ ဝူဟန်ဘက်၌ ရပ်တည်ကြသည်။
"ငါတို့ ဘာလုပ်ကြမလဲ၊ ငါတို့ယောက်ျားက ငါတို့ကို အကူအညီ တောင်းနေပြီ"
"ငါတို့ယောက်ျားက သူ့ကို အားပေးဖို့ ငါတို့ကို အကူအညီတောင်းနေတာဆိုရင် ငါတို့ လုပ်မှဖြစ်မယ်၊ ဟော်ရန်ကျားကို အပြတ် ဖြုတ်လိုက်ရအောင်"
"ဟုတ်တယ် ငါတို့ ရုပ်ရှင်ကို နောက်တစ်ကြိမ် သွားကြည့်မယ်၊ ဘယ်လိုလုပ် ဟော်ရန်ကျားက ငါတို့ယောက်ျားနဲ့ ယှဉ်နိုင်မှာလဲ၊ သူတို့ လက်မှတ် ဝယ်တဲ့နေရာမှာ ဖွထားတာပဲ ဖြစ်ရမယ်"
"ငါ့မှာ အကြံတစ်ခု ရှိတယ်၊ ငါတို့ ဟော်ရန်ကျားကို သွားကြည့်ပြီး ရုပ်ရှင်ရဲ့ ပြစ်ချက်တွေကို ရှာပြီးတော့ အဲ့ဒါကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်မယ်ဆိုရင်ရော၊ ငါတို့ယောက်ျားအတွက် လက်စားချေရာ ရောက်တာပဲလေ"
"အဲ့အကြံ ကောင်းတယ်လို့ ငါ ထင်တယ်၊ ငါတို့ ဟော်ရန်ကျားကို သွားပြဿနာ ရှာကြမယ်၊ အဲ့ဒါအပြင် ငါတို့ ဝိုင်ကို ဝေဖန်ပြီး ငါတို့ယောကျ်ားအတွက် လက်စားချေကြမယ်၊ ဝါးဟားဟားးးးး"
"လုပ်ရအောင်၊ ငါ ဒီနေ့ ဟော်ရန်ကျားကို သွားကြည့်ပြီး အပြစ်တွေ သွားရှာမယ်"
...
မုန်းတီးသူများအဖွဲ့က သူ့ရုပ်ရှင်ကို ပြဿနာ ရှာချင်နေမှန်း ရဲ့လင်းချန် မသိပေ။ ရုပ်ရှင်ကြည့်ပြီးနောက် သူက ရှောင်ဖေးဖေးနှင့်အတူ စားသောက်ဆိုင်တစ်ဆိုင်၌ နေ့လယ်စာ စားသောက်ပြီး တစ်ခဏမျှ ဦးတည်ချက်မရှိ လျှောက်သွားနေ၏။
လမ်းတစ်လျှောက်တွင် နှစ်ဦးသား အနေခက်ခြင်းမရှိဘဲ စကားစမြည် ပြောဆိုလာကြသည်။ အခြေအနေက နွေးထွေး၍ အေးချမ်းပေသည်။
"လင်းချန် နင် မြို့တော်ရဲ့ ဆာဖာရီဥယျာဉ်ကို ရောက်ဖူးလား"
ရှောင်ဖေးဖေးက ရုတ်တရက် မေးလာသည်။ ရဲ့လင်းချန် ခေါင်းခါပြသည်။
"ဟင့်အင်း"
ဆာဖာရီဥယျာဉ်သာမက မြို့တော်၏ ခရီးသွားများ သဘောအကျဆုံးဖြစ်သည့် နေရာများကိုပါ သူ မရောက်ဖူးပေ။ ယခု သူ စဉ်းစားကြည့်သောအခါတွင်မှ သူ တကယ် အလုပ်ကြိုးစားနေခဲ့ကြောင်း သတိပြုမိသွားသည်။ သူ တက္ကသိုလ် တက်နေသောအချိန်တွင် သူက စာလုပ်လျင်လုပ်၊ မလုပ်လျင် ပိုက်ဆံရှာနေခဲ့သည်။ သူက တကယ့်ကို လူကောင်းတစ်ယောက် ဖြစ်နေပါတကား။
"ငါလည်း အဲ့နေရာကို မရောက်ဖူးဘူး၊ နင် ငါနဲ့ အတူတူ သွားမလား"
ရဲ့လင်းချန်၏ အဖြေကို စောင့်နေချိန်တွင် ရှောင်ဖေးဖေး၏ မျက်လုံးများက မသိမသာ မတည်မငြိမ် ဖြစ်နေလေသည်။
ရဲ့လင်းချန် တစ်ခဏမျှ စဉ်းစားကြည့်လိုက်သည်။ အမျိုးသားနေ့ အားလပ်ရက်များတွင် သူ့၌ လုပ်စရာ ထွေထွေထူးထူး မရှိချေ။ ထို့ကြောင့် သူ ခေါင်းညိတ်၍ သဘောတူကြောင်း ပြကာ ပြုံး၍ ပြောလိုက်သည်။
"သွားတာပေါ့"
"ဟီးဟီး ဒါဆို ငါ အစ်မလင်းဆီ ဆက်လိုက်ဦးမယ်၊ ငါတို့ကို အဲ့ကို လိုက်ပို့ပေးဖို့ သူ့ကို ပြောရမယ်"
ရှောင်ဖေးဖေးက နှစ်လိုဖွယ်ကောင်းသော အပြုံးလေး ပြုံးလိုက်ပြီး အစ်မလင်းအား ချက်ချင်း ဖုန်းဆက်လေသည်။
မကြာခင်မှာပင် ခဲရောင် Porsche ကားတစ်စီးက ရဲ့လင်းချန်ရှေ့သို့ ရပ်လာသည်။ အစ်မလင်းကလည်း တူညီသော နေကာမျက်မှန် တစ်လက်ကို တပ်ထားလေသည်။
"သွားကြစို့"
ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ဆွဲခေါ်သည်။
"အစ်မ ကားလဲထားတာလား"
ရဲ့လင်းချန် မျက်မှောင်ကြုတ်နေသည်။
"ငါ အပြင်ထွက်ရင် လူမသိဖို့ လိုတယ်လေ၊ ငါ့ကိုယ်ငါ အာရုံစိုက်ခံရတာမျိုး မဖြစ်ချင်ဘူး၊ ပါပါရာဇီတွေကို ရှောင်နိုင်ဖို့ ငါ့ကားကို ခဏခဏ လဲနေဖို့ လိုတယ်"
ရှောင်ဖေးဖေးက ရှင်းပြသည်။ ရဲ့လင်းချန် မနေနိုင်ဘဲ မိမိုက်လှသော Porsche ကားသစ်ကို သေချာ ကြည့်မိသည်။
*ဒီကားက ... လူမသိအောင် သိုသိုဝှက်ဝှက်နေတာတဲ့လား*

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now