Chapter 339

620 46 0
                                    

စာစဉ် 23 Chapter 339 လန့်စရာပဲ၊ ရဲ့လင်းချန် ယူလာတဲ့ပစ္စည်းက ...

ထိုစာလုံးများသည် အစကတည်းက ရှုပ်ထွေးသော စာလုံးများ ဖြစ်သည်။ လူအများစုသည် ၎င်းတို့ကို ရေးနိုင်စွမ်း မရှိပေ။ သို့သော် ရဲ့လင်းချန်က ၎င်းတို့ကို လှလှပပ ရေးနိုင်စွမ်း ရှိသည်။ ယင်းတစ်ခုတည်းကပင် သူတို့မျက်လုံးကို ကန်းလုမတတ် ဖြစ်သွားစေ၏။

"နင် ငါ့ကို တမင်သက်သက် စိတ်တိုအောင် လုပ်တာပဲ"

အာနယ်လ်က ရဲ့လင်းချန်ကို စူးစိုက်မကြည့်ဘဲ မနေနိုင်တော့ပေ။ ပထမဆုံး သူမ မသိသော စကားလုံးများဖြင့် စိတ်ရှုပ်အောင် လုပ်ခဲ့ပြီး ယခု သူ၏ လှပသော လက်ရေးကို ထုတ်ကြွားနေပြန်သည်။ သူမ၏ လက်ရေးနှင့် ယှဉ်လိုက်လျင် ပြောဖွယ်ရာပင် မရှိချေ။

"ဟိုမှာ ကျွန်းတစ်ကျွန်း"

ထိုစဉ် အစ်ကိုယန်က စိတ်လှုပ်ရှားစွာ အော်ပြောလာသည်။

ခေါင်းမော်ကြည့်လိုက်သောအခါ ကျယ်ပြောလှသော ပင်လယ်တွင်း၌ ကျွန်းတစ်ကျွန်းက သူတို့ မြင်ကွင်းထဲ ဝင်လာသည်။

ခပ်လှမ်းလှမ်းမှနေ၍ တစ်ကျွန်းလုံး စိမ်းလန်းစိုပြည်နေသည်ကို သူတို့ မြင်နေရသည်။ လူမရှိသော်လည်း ပတ်ဝန်းကျင်က ကောင်းမွန်မှန်း သိသာပေသည်။ ထို့အပြင် ခရီးထွက်ရန်အတွက် သင့်လျော်၏။ ရိုက်ကူးရေး ဝန်ထမ်းများ ကြုံရာကျွန်းတစ်ကျွန်းကို ရမ်း၍ ရွေးထားခြင်း မဟုတ်မှန်း သိနိုင်ပေသည်။ သူတို့ သေချာ စဉ်းစား တွေးတောခဲ့ပေ၏။

လူတိုင်း ကုန်းပတ်ပေါ် တက်၍ ကျွန်းကို ကြည့်ကြသည်။ နောက်ခုနစ်ရက်အထိ သူတို့ ထိုကျွန်း၌ နေရပေမည်။

"အား..."

ထိုစဉ် အားပြင်းသော ပင်လယ်လေ တစ်ချက် တိုက်ခတ်လာသဖြင့် မိန်းက‌လေး သုံးယောက်ထံမှ အော်သံများ ထွက်ပေါ်လာသည်။ ရှောင်မိုဆိုလျင် သူမစကပ်ကို အစွမ်းကုန် ကြိုးစား၍ ဖိနေ၏။

"လေပြင်းတာပဲ၊ ဒီမှာ ရပ်နေဖို့က အန္တရာယ်များတယ်၊ အထဲ အရင်ဝင်ရအောင်"

တလေက အကြံပြုသည်။

"အစ်ကိုတလေ၊ ခင်ဗျားလည်း ကြောက်နေတာလား"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now