" ဘယ်လို သောက်ကျိုးနည်း ဝတ္ထုကြီးလဲ "
ဟန်ဘင်းတစ်ယောက် စိတ်တိုတိုနှင့် ဖတ်လက်စ စာအုပ်အား နံရံသို့ ပစ်ပေါက်လိုက်မိတော့သည်။ သူ ဖတ်နေသော စာအုပ်မှာ လက်ရှိ အွန်လိုင်းပေါ်တွင် နာမည်ကြီးနေသော အချစ်ဝတ္ထုပင်။ ရိုရိုချိုချိုလေးဆိုလို့ ဖတ်ကြည့်မိပါတယ်.... သောက်ကျိုးနည်း ခွေးသွေးချည်း။
ဆော့မက်သျူးဆိုသော အဓိကဇာတ်ဆောင်မှာ ဇာတ်ဆောင်နာမည်ခံသာ ရှိသည်။ ကြာပန်းဖြူ တစ်ဖြစ်လဲ ကျန်းဟာအို၏ လှိမ့်သမျှ ပတ်သမျှ သူချည်း ခံနေရသည်။ ဇာတ်လိုက် ကင်ဂျီအွန်းမှာလည်း အမြဲ ကြာပန်းဖြူဘက်ကပင်။ ဒါကိုလည်း ဆော့မက်သျူးမှာ စိတ်မနာ။ ကြားထဲက ဖတ်နေရသော သူ့မှာသာ အားမလို အားမရဖြစ်ပြီး ဒေါသတွေ ထွက်လာရသည်။
" ဘယ်လိုမျိုး ဦးနှောက်နဲ့များ ရေးထားတာလဲ... ငါသာ စာရေးရင် ဒီလို ပေါတိပေါချာ ဇာတ်မျိုး ရေးမနေဘူး။ အလကားနေ အလကား ဇွတ်ကို ဇာတ်နာ ခိုင်းနေတယ် "
ဟန်ဘင်းတစ်ယောက် ပွစိပွစိပြောပြီးနောက် လွင့်ပစ်ထားသော စာအုပ်ကို ပြန်ကောက်ရန် ထိုင်ခုံပေါ်မှ ထလိုက်စဉ် မိုက်ခနဲဖြစ်သွားကာ တလောကလုံး မှောင်ကျသွားရတော့သည်။
*****
" ဆောင်းဟန်ဘင်း... ဆောင်းဟန်ဘင်း...."
ပုခုံးကို ပုတ်ကာ နှိုးနေသောသူတစ်ယောက်ကြောင့် ဟန်ဘင်း မှောက်အိပ်နေရာမှ ယောင်နနနှင့် နိုးလာရသည်။
" ဘာလဲကွာ... "
အိပ်ချင်မူးတူးစိတ်ကို မနည်း ဖျောက်ကာ အရှေ့ကလူအား ကြည့်မိတော့ သူတစ်ခါမှ မမြင်ဖူးသောသူ။
" ဘယ်သူ...လဲ..."
ထိုလူက သူ့အား မျက်မှောင်ကြုတ်ကြည့်ရင်း
" ငါလေ.. ငါ...ငါ...ဆော့မက်သျူး... "
" ဪ... မက်သျူးကိုး...... ဘာ!!!!ဆော့မက်သျူး! "
အလန့်တကြားပင် ဟန်ဘင်း ထခုန်မိတော့သည်။
" ဘာဖြစ်တာလဲ... အလန့်တကြားနဲ့ ... "
ဆော့မက်သျူး ပြောနေသော စကားကိုပင် ပြန်မပြောနိုင်ဘဲ အတွေးထဲသာ နစ်နေသည်။ မနေ့ညက ဖတ်နေခဲ့သော စာအုပ်ထဲမှ ဇာတ်ကောင်ဟာ အဘယ့်ကြောင့် သူ့ရှေ့ ပေါ်လာရသနည်း။ ဒါမှမဟုတ် သူကပဲ စာအုပ်ထဲ ရောက်သွားသလား။