"ဟာအို!!!!"
အနောက်ကနေ အော်ခေါ်တဲ့ အသံကြောင့် ဟန်ဘင်းတို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့ လှည့်လာတာကို မြင်တော့ ထိုလူက လက်ကို ဝေ့ယမ်းပြကာ သူတို့အနား ပြေးလာလေသည်။
" ဟာအို... မင်းကလည်း ငါ့ကို ခဏတောင် မစောင့်ဘူး..."
" မင်းပဲ...ကျောင်းဆင်းချိန် ဆရာခေါ်ထားသေးတယ်လို့ ပြောပြီးတော့...."
ဘေးက စီနီယာပေါက်စထံမှ တုံ့ပြန်စကားသံကို ကြားရချိန်မှာတော့ ဟန်ဘင်းမှာ ဟန်မဆောင်နိုင်အောင် မျက်နှာပျက်သွားရသည်။
" ခင်ဗျားနာမည်က ကျန်းဟာအိုလား..."
ပြောင်းလဲသွားသော နာမ်စားကြောင့် စီနီယာပေါက်စမှာ ကြောင်တောင်တောင်ဖြစ်သွားခဲ့ပေမယ့် ခေါင်းတော့ ညိတ်ပြသေးသည်။
"အဟက်...ဒါကြောင့်ကိုး..."
ထိုမျှသာ ပြောပြီး ဟန်ဘင်း နေရာမှ လှည့်ထွက်သွားတော့သည်။ ကျန်နေခဲ့သည့် ဟာအိုမှာသာ ရုတ်တရက် ပြောင်းလဲသွားသော ဟန်ဘင်းကို နားမလည်တော့ဘဲ မျက်စိတဆုံး လိုက်ကြည့်နေမိသည်။
" သူက ဘာဖြစ်သွားတာလဲ..."
ချမ်ကွမ်ရွေ့ မေးလာသော မေးခွန်းအား ဟာအို ပြန်မဖြေနိုင်။ ခေါင်းကိုသာ လေးပင်စွာ ခါပြရင်း
" ငါလည်း မသိပါဘူး...ကွမ်ရွေ့ရာ "
*****
ဟာအိုဆိုတဲ့ နာမည်ခေါ်သံကို ကြားလိုက်ရချိန်မှာ ရင်ထဲ ဘယ်လောက်တောင် ထိတ်လန့်သွားရသလဲဆိုတာ ဟန်ဘင်းကိုယ်တိုင်သာ သိသည်။ သူ့ဘေးနားက လူထံမှ စကားသံ ထွက်လာချိန်မှာတော့ ဟန်ဘင်း နှလုံးသားတစ်ခုလုံး ပြုတ်ကျသွားသလိုပင်။
စာအုပ်ထဲ မကူးပြောင်းလာခင် အပြင်ဘက်ကမ္ဘာမှာလည်း ဟန်ဘင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်မဝင်စားခဲ့ဖူးပါ။ အခုမှ စာအုပ်ထဲက ဇာတ်ကောင်ကြောင့် အသည်းကွဲရသည်တဲ့။ ဇာတ်ကောင်တွေအများကြီး ရှိတဲ့အထဲမှာမှ ဘာကြောင့် သူ အရမ်းမုန်းရတဲ့ ကြာပန်းဖြူ လာဖြစ်နေရသလဲ။ ဒီအတိုင်း ဖြတ်လျှောက်လေးပဲ ဖြစ်လိုက်ပါတော့လား။