ဟန်ဘင်း စောစောစီးစီး ဝီရိယတွေကောင်းပြီး ဟာအိုတို့ ကွန်ဒိုဆီကို ထွက်လာခဲ့သည်။ ကားပါကင်မှာ ကားကို ထိုးထားခဲ့ပြီး ဟန်ဘင်းလည်း ကွမ်ရွေ့ရဲ့ အခန်းရှိရာ ၉ထပ်မြောက်ကို ဓာတ်လှေကားနဲ့ တက်ခဲ့လိုက်သည်။ အခန်းရှေ့ရောက်တော့ ဟန်ဘင်းလည်း ဘဲလ်ကို နှိပ်လိုက်သည်။ ဟန်ဘင်း တံခါးနားကပ်လိုက်ပြီး အထဲက အသံကို နားစွင့်လိုက်သည်။ အထဲက လှုပ်လှုပ်ရှားရှားအသံကို မကြားရတာကြောင့် ဟန်ဘင်း နောက်ထပ်တစ်ကြိမ် ဘဲလ်ကို နှိပ်လိုက်ပြန်သည်။ ထို့နောက် တံခါးနား ပြန်ကပ်ကာ နားစွင့်နေပြန်သည်။ ဒီတစ်ခါတော့ အထဲကနေ ခြေသံကြားလိုက်ရတာကြောင့် ဟန်ဘင်း တံခါးနားကနေ အနောက်ကို ပြန်ဆုတ်ပြီး ရပ်နေလိုက်သည်။
ချလောက်.... ။
တံခါးနောက်ကနေ ထွက်လာတဲ့ အိပ်မှုန်စုံဝါးရုပ်ကလေးနဲ့ ဟာအိုကို မြင်လိုက်ရတော့ ဟန်ဘင်း ရင်ထဲ ကလိကလိနှင့်။
ဟာအိုက မျက်လုံးတွေကို လက်နဲ့ ပွတ်ရင်း
" မင်းက ဘာကိစ္စ အစောကြီး လာရတာလဲ.... "
မနက်စောစော ရောက်လာတာကြောင့် ဟာအိုက ဟန်ဘင်းကို မကြည်သည့်ပုံ။ ဆူအောင့်အောင့်နဲ့ မေးလာတဲ့ပုံက ဟန်ဘင်းအား ပို၍ အသည်းယားစေသည်။
ဟန်ဘင်းက မျက်လုံးတွေ မှိတ်ကျသွားသည်အထိ ရယ်ပြလိုက်ရင်း
" နေ့လည်ကျ သင်တန်းချိန် ရှိတယ်လေ... ရတဲ့အချိန်လေးမှာ ဟျောင်း နေမယ့်အခန်းကို ကူရှင်းပေးမလို့... ပြီးတော့ ဟျောင်း သွားဝယ်စရာရှိရင် လိုက်ပို့ပေးလို့ ရအောင်လေ... "
ဟာအိုလည်း တံခါးဝကနေ ဟန်ဘင်း ဝင်ဖို့ ဖယ်ပေးလိုက်သည်။ ဟန်ဘင်းလည်း အိမ်ထဲ ဝင်လာပြီး ဟိုဟိုဒီဒီ ကြည့်ပြီး ဧည့်ခန်းက ဆိုဖာမှာ ဝင်ထိုင်ကာ
" ကွမ်ရွေ့ဟျောင်းက မနိုးသေးဘူးလား... "
" ဆင်နင်းတောင် သူက နိုးမယ့်ပုံ မပေါ်ဘူး... "
ဟာအိုက ဆိုဖာမှာ ထိုင်နေတဲ့ ဟန်ဘင်းကို လှည့်ကြည့်ပြီး
" ခဏထိုင်စောင့်နေဦး... ငါ ရေချိုးလိုက်ဦးမယ်... "