" ဟန်ဘင်း... စိတ်ဓာတ်မကျပါနဲ့... တစ်ချို့အချစ်တွေက လက်လွှတ်လိုက်တာ အကောင်းဆုံးပဲ... ပြီးတော့ မက်သျူးနဲ့က ဘယ်လိုမှ မဖြစ်နိုင်တော့တာ... "" ဟမ်... "
ဟာအို ပြောတဲ့စကားကို ဟန်ဘင်းမှာ မနည်း လိုက်မှီအောင် စဉ်းစားလိုက်ရသည်။ ဟန်ဘင်း တည့်တည့်ထိုင်နေရာမှ ဟာအို ထိုင်နေတဲ့ဘက်ကို မျက်နှာမူလိုက်ကာ
" နေပါဦး... ဟျောင်းရဲ့... ကျွန်တော်က ဘယ်တုန်းက မက်သျူးကို ကြိုက်လိုက်မိလို့လဲ... "
ဟာအိုက ရှေ့တည့်တည့်ကိုဘဲ ကြည့်နေရင်း
" အထက်တန်းကျောင်းကတည်းကလေ.... "
ဟာအို့ရဲ့ စကားကြောင့် ဟန်ဘင်း ကိုယ့်နှဖူးကို ပြန်ရိုက်လိုက်မိတော့သည်။ ထို့နောက် ကားထိုင်ခုံကို မှီလိုက်ကာ ရယ်လေတော့သည်။ ဘာမှ ပြန်မပြောဘဲ ရယ်နေတဲ့ ဟန်ဘင်းကို ဟာအိုက ကြောင်တောင်တောင်နဲ့ ကြည့်နေရှာသည်။ ခဏကြာတော့ ရယ်တာကို ရပ်လိုက်ပြီး ဟာအို့ကို ဟန်ဘင်း စိုက်ကြည့်နေမိသည်။ ဟာအိုကတော့ အနေခက်သွားပြီး ဘေးက ကားမှန်ဘက်ကို လှည့်သွားလေသည်။
" ကွမ်ရွေ့က ဘာတွေ ရှင်းနေရလို့ ကြာနေတာလဲ... မသိဘူး... "
" ကွမ်ရွေ့ဟျောင်းနဲ့က အဆက်အသွယ်ရတာ ကြာပြီလား... "
" ငါ တရုတ်ကို ပြန်ရောက်ပြီး တစ်နှစ်တော့ အဆက်အသွယ်ပြတ်သွားသေးတယ်... နောက်တော့ Weiboကနေ ပြန်ပြီး အဆက်အသွယ်ရတယ်လေ...."
" ဪ... "
သူ့ကို ကျောပေးထားတဲ့ ဟာအိုကို ကြည့်နေရင်း အနှစ်နှစ်အလလက အလွမ်းစိတ်တို့ တရိပ်ရိပ်တိုးလာပြီး ဟန်ဘင်း စိတ်ထဲ ဝမ်းနည်းလာရသည်။
" အိပ်မက်မက်နေသလိုပဲ... "
" ဟင်... ဘာကလဲ.."
ဟာအိုက ဟန်ဘင်းဘက် ပြန်လှည့်ကြည့်ရင်း မေးလာလေသည်။ ဟန်ဘင်းတစ်ယောက် မျက်ရည်တွေဝဲနေတာကိုလည်း မြင်ရော
" ဟန်ဘင်း... ဘာဖြစ်လို့လဲ.... "
ဟန်ဘင်း ခေါင်းယမ်းပြလိုက်ပြီး
" ဟျောင်း ပြန်ရောက်လာပြီး အခုလို ဟျောင်းအနား ထိုင်နေရတာက ကျွန်တော့အတွက် အိပ်မက်လိုပဲ... "