ဟန်ဘင်းရဲ့ အနမ်းတွေက နက်ရှိုင်းလာတာနဲ့အမျှ ဟာအိုမှာ ဘေးပတ်ဝန်းကျင်က အသံတွေတောင် မကြားတော့။ ကြည့်နေတဲ့ ဇာတ်ကားလည်း ဘယ်ရောက်လို့ ရောက်သွားပြီမှန်း မသိ။ ဟန်ဘင်းရဲ့ အနမ်းတွေနောက် ဟာအိုမှာ နစ်မြောနေမိသည်။
ခဏကြာတော့ ဟာအိုမှာ အသက်ရှူကြပ်လာသည်နှင့် ဟန်ဘင်းရဲ့ ရင်ဘတ်ကို အသာထုလိုက်သည်။ ထိုအခါမှ ဟန်ဘင်းလည်း အနမ်းတွေကို အဆုံးသတ်လိုက်တော့သည်။ ဟာအိုက ရှက်နေသည်မို့ ဟန်ဘင်းရဲ့ ရင်ခွင်ထဲ ဝင်နေပြီး မျက်နှာပင် မော့မလာတော့။
" မျက်နှာလေး ကြည့်ရအောင် မော့ပါဦး... ဟျောင်းရဲ့ ... "
ဟာအိုရဲ့ မေးလေးကို ပင့်ပြီး ခေါင်းမော့လာအောင် ဟန်ဘင်း ကြိုးစားပေမယ့် အရှက်သည်းနေသည့် ဟာအိုက ဇွတ်ခေါင်းငုံ့ထားလေသည်။ ဟန်ဘင်းလည်း လက်လျှော့လိုက်ပြီး ရင်ခွင်ထဲက ဟာအို့ကိုသာ တိုး၍ ဖက်ထားလိုက်သည်။
" ဒါ မင်းရဲ့ ပထမဆုံးအနမ်းလား... "
ဟာအိုမေးတဲ့ မေးခွန်းအား ဟန်ဘင်း ချက်ချင်းမဖြေ။ ဟာအိုလည်း ဟန်ဘင်းကို မော့ကြည့်လိုက်တော့ ဟန်ဘင်းက ပြုံးစိစိလုပ်နေလေသည်။ ရင်ခွင်ထဲကနေ ဟာအို ထွက်လိုက်ကာ
" ဆောင်းဟန်ဘင်း ... ဖြေလေ... ပထမဆုံးအနမ်း ဟုတ်လား... မဟုတ်ဘူးလား... "
ဟန်ဘင်း ရယ်ကျဲကျဲနဲ့ လည်ပင်းကို ပွတ်နေရင်း
" စိတ်မဆိုးနဲ့နော်... ဟျောင်း... "
ဟန်ဘင်းကသာ စိတ်မဆိုးနဲ့လို့ ပြောနေပေမယ့် ဟာအိုကတော့ မျက်မှောင်စကြုတ်ပြီး စိတ်ဆိုးဖို့ ပြင်နေပြီ။
" ဒါက ပထမဆုံးအနမ်း မဟုတ်ဘူး... "
ဟန်ဘင်းရဲ့ အဖြေကို ကြားလိုက်တာနဲ့ ဟာအိုက ဟန်ဘင်းရဲ့ လက်မောင်းအား လက်သီးဆုပ်နဲ့ ထုချလိုက်သည်။
" ဆောင်းဟန်ဘင်း!!! မင်း!!! ပြောတော့ စာအုပ်ထဲ ရောက်လာကတည်းက ငါ့ကိုပဲ ကြိုက်ခဲ့တာပါဆို! "
ဟာအိုရဲ့လက်တွေကို ဟန်ဘင်း ဖမ်းကိုင်ထားလိုက်ပြီး
" ခဏလေး နားထောင်ပါဦး ဟျောင်းရယ်... "