" ဟာအိုက အမောမခံနိုင်ဘဲနဲ့ ဘာလို့ တာဝေးပြေးပွဲ ဝင်ပြိုင်တာလဲ...."
ဂျီအွန်းရဲ့ မေးခွန်းကို ကြားလိုက်တော့ ဟန်ဘင်း မသိမသာ နားစွင့်နေမိသည်။
" ဟာအို ဘာတွေတွေးနေလဲဆိုတာ ကျွန်တော်လည်း ဘယ်လိုလုပ်သိမှာလဲ.... "
အားကစားကွင်းထဲမှာ နေရာအသင့်ယူထားတဲ့ ဟာအို့ကို ကြည့်ရင်း ကွမ်ရွေ့ ပြန်ဖြေလိုက်သည်။
" 1 2 3 GO!!!! "
ဝီစီမှုတ်တဲ့အသံကို ကြားလိုက်တာနဲ့ ပြိုင်ပွဲဝင်တွေအကုန် တာထွက်ကနေ ပြေးထွက်လာကြသည်။ အတန်းတိုင်းက ကိုယ့်အတန်းသားတွေရဲ့ နာမည်ကို အော်ပြီး အားပေးနေကြလေသည်။ မထင်မှတ်စွာ မက်သျူးနဲ့ ဟာအိုက သူမသာကိုယ်မသာ အနေအထားနဲ့ ကျန်တဲ့သူတွေထက် ရှေ့ရောက်နေသည်။
" ဟာအို... ဖိုက်တင်း!!!! "
ကွမ်ရွေ့က လက်ခုပ်တီးရင်း ဟာအို့ကို လှမ်းအားပေးနေသည်။ ဟန်ဘင်းကတော့ မက်သျူးနဲ့ ဟာအိုကို သေချာအာရုံစိုက်ကြည့်နေမိသည်။ သူ့ပြေးလမ်းကြောင်းနဲ့ သူ ပြေးနေရင်း ဟာအိုမှာ ရုတ်တရက် မက်သျူးရှိရာဘက်သို့ ယိုင်ကျလာသည်။ အရှိန်နဲ့ ပြေးနေခဲ့ကြတာမလို့ နှစ်ယောက်သား ဟန်ချက်ပျက်ပြီး လဲသွားကြသည်။
" ဟာအို!!! "
" မက်သျူး!!! "
အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြချိန် ဟန်ဘင်းက အရင်ဦးဆုံး ကွင်းထဲ ပြေးဆင်းသွားတော့သည်။ ဟန်ဘင်းအနောက်ကနေမှ ဂျီအွန်းနဲ့ ကွမ်ရွေ့လည်း ပြေးလိုက်လာကြသည်။
" မက်သျူး... ဘာဖြစ်သွားသေးလဲ... ဟျောင်းကြောင့် မက်သျူး ထပ်ခိုက်မိရပြန်ပြီ "
ဟာအိုလည်း အမြန်ကုန်းထပြီး မက်သျူးကိုပါ ကူထူပေးလိုက်သည်။
" ခြေကျင်းဝတ် အဆစ်လွဲသွားတယ်ထင်တယ်... ဟျောင်း... "
" လာ... ဟျောင်းကိုတွဲလိုက်... ကျောင်းဆေးခန်းကို သွားရအောင်.... "
" ခင်ဗျား အပိုတွေ မလုပ်ပြပါနဲ့... "
အနားသို့ ရောက်လာသော ဟန်ဘင်းက ဟာအိုကို တွန်းထုတ်လိုက်လေသည်။ ဟာအိုမှာ မထင်မှတ်ထားသည်မို့ နောက်ပြန် ဖင်ထိုင်လျက် လဲကျသွားရသည်။ မက်သျူးမှာလည်း အလန့်တကြားဖြစ်သွားပြီး ဟန်ဘင်းကို လှမ်းဆွဲလိုက်သည်။