" မက်သျူး... ငါ toilet ဝင်လိုက်ဦးမယ်... ကန်တင်းသွားနှင့်နော်... "
စာသင်နေကတည်းက ဗိုက်နာနေတာမို့ ဟန်ဘင်းလည်း အိမ်သာသို့ မြန်မြန်ထွက်လာခဲ့သည်။ အတန်းဆင်း,ဆင်းချင်း ပြေးလာခဲ့တာကြောင့် ကံကောင်းထောက်မစွာဖြင့် အိမ်သာမှာ လူရှင်းနေလေသည်။ ဟန်ဘင်းလည်း ထောင့်စွန်းက အိမ်သာထဲ ဝင်ကာ ကိစ္စဝိစ္စရှင်းရသည်။
သိပ်မကြာလိုက်ပါ။ နေ့လည် ကျောင်းဆင်းချိန်ဖြစ်၍ အိမ်သာသို့ ကျောင်းသားတွေ ရောက်လာသည်။ အချင်းချင်း စကားပြောနေကြသော အသံများအား ဟန်ဘင်း ကြားနေရသည်။ ပွစိပွစိနဲ့ ပြောနေကြသော ထိုစကားသံများထဲမှ အသံတစ်ခုကို ဟန်ဘင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
" ဟာအို... ငါ့ကို စောင့်ဦးလေ... မင်းကလည်း... "
ဟာအိုဆိုသော နာမည်ကို ကြားလိုက်တာနဲ့ ဟန်ဘင်း ဆတ်ခနဲ ကျောမတ်သွားတော့သည်။
* ဟာအို...ဟာအို... ကြာပန်းဖြူ ကျန်းဟာအိုလား... *
ဟန်ဘင်း ဆက်ပြီး နားစွင့်နေပေမယ့် ထွက်သွားသော ခြေသံတွေကလွဲ၍ နောက်ထပ်မကြားရတော့။ ကိစ္စရှင်းပြီးလို့ ထွက်လာချိန်မှာတော့ အိမ်သာ၌ လူရှင်းနေလေပြီ။
" မက်သျူးကို ဒုက္ခပေးမယ့်... ကြာပန်းဖြူကို မမြင်လိုက်ရတာ... နာတယ်ကွာ... "
*****
ကန်တင်း ရောက်တော့ ဟန်ဘင်းလည်း နေ့လည်စာကို တန်းစီကာ ယူရသည်။ နေ့လည်စာယူပြီး ထိုင်ဖို့အတွက် မက်သျူးကို လှမ်းရှာရသေးသည်။ မက်သျူးက လက်လှမ်းပြသည်မို့ မက်သျူးရှိတဲ့ စားပွဲဝိုင်းဆီ ဦးတည်သွားလိုက်သည်။
" ကြာလိုက်တာ... ဟန်ဘင်းရာ... "
ဟန်ဘင်းလည်း မက်သျူးဘေးမှာ ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးမှ အရှေ့ကြည့်မိတော့ မျက်နှာချင်းဆိုင်က လူက သူ့အား စိုက်ကြည့်နေတာကို တွေ့တော့သည်။
* ဘာတုန်းဟ... ဘာကြည့်တာတုန်း... ကျောတောင်ချမ်းတယ်...*
" ဟျောင်း...သူက ကျွန်တော့သူငယ်ချင်း...ဟန်ဘင်းလေ... "
မက်သျူးက မိတ်ဆက်ပေးတော့ ထိုပုဂ္ဂိုလ်က သူ့အား အသိအမှတ်ပြုတယ်ဆိုရုံတင် ခေါင်းညိတ်ပြလေသည်။