" လုပ်ပါ...မက်သျူးကလည်း... ပြတင်းပေါက်နား ထိုင်ရတာ ပိုကောင်းပါတယ်...ထိုင်ခုံနေရာ ပြောင်းရအောင်..."
မနေ့က အခန်းအပြင်ဘက်မှာ အပြစ်ပေးခံရပြီးနောက်ပိုင်း ဟန်ဘင်းတစ်ယောက် ပြတင်းပေါက်နားက ခုံမှာ ပြောင်းထိုင်ရန် နားပူနာဆာ လုပ်နေလေသည်။
" အခုအတိုင်းက ဘာဖြစ်နေလို့လဲ... အလယ်တန်းမှာဆိုတော့ စာသေချာမြင်ရတဲ့ဟာကို..."
" စာကို သေချာမြင်ရပေမယ့်လည်းကွာ... အလယ်မှာဆိုတော့ စိတ်အိုက်လာရင် စာကို အာရုံစိုက်မရတော့ဘူးလေ... ပြတင်းပေါက်နားဆို လေဝင်လေထွက်လည်း ကောင်းတယ်လေ... အဲ့တော့ စာ သေချာလိုက်ကြည့်နိုင်တာပေါ့..."
" ပြောင်းချင်ရင် ကိုယ့်ဟာကိုယ် တစ်ယောက်ထဲ ပြောင်းပါ့လား..."
ဟန်ဘင်းမှာ မျက်နှာကို ဇီးရွက်လောက် ငယ်ရင်း
" ပြေးကြည့်မှ ဒီသူငယ်ချင်းလေး နှစ်ယောက်ရှိတာကိုး... အတူတူ ပြောင်းကြမယ်လေ... လုပ်ပါ...မက်သျူးကလည်း... ငါ ဟိုကောင်တွေကိုတောင် ခုံလဲပေးဖို့ ပြောထားပြီးပြီ..."
" သဘောကွာ... ကြိုက်သလိုသာ လုပ်တော့... "
နောက်ဆုံးမှာတော့ ဟန်ဘင်းအား မက်သျူး လက်မြှောက်လိုက်ရတော့သည်။ ထိုအခါ ဟန်ဘင်းမှာ စပ်ဖြီးဖြီးနှင့်
" ဟီး...ဟီး... အာ့ဆို မနက်ဖြန်ကျ ပြောင်းထိုင်ကြမယ်နော်..."
" အွန်း...အွန်း..."
*****
ဟန်ဘင်းတစ်ယောက် အိပ်ရာထက် လှဲနေရင်း စီနီယာပေါက်စလေးရဲ့ အကြောင်းပဲ စဉ်းစားနေမိသည်။ ညနက်နေပြီဖြစ်သော်လည်း ဟန်ဘင်း အိပ်လို့မပျော်သေးပေ။ မျက်လုံးမှိတ်လိုက်တိုင်း အာရုံမှာ ပေါ်ပေါ်လာတဲ့ မျက်ဝန်းလှလှလေးနဲ့ မှဲ့နက်ကလေး။ ထို့နောက် ရှက်သွေးဖြာနေသော ပါးမို့နီနီလေး။
" ငါတော့ ဒုက္ခပဲ... အိပ်လို့တောင် မရတော့ဘူး... "
ဟန်ဘင်း နဖူးပေါ် လက်တင်ကာ ရေရွတ်နေမိသည်။
" ဖြတ်လျှောက် ဇာတ်ကောင်လေးကိုမှ စွဲလမ်းနေရတယ်လို့ ... "
အာရုံမှာ လာနှောင့်ယှက်နေတဲ့ စီနီယာပေါက်စကြောင့် မနက်မိုးလင်းချိန်အထိ တစ်မှေးမှ အိပ်မရခဲ့ပေ။ မျက်တွင်းဟောက်ပက်နဲ့ ဖြစ်နေသော်လည်း ကျောင်းမှာ စီနီယာပေါက်စနဲ့ ဆုံရမည့်အကြောင်း တွေးမိပြန်တော့ ဟန်ဘင်းတစ်ယောက် တက်ကြွတဲ့ ကြက်ဖဖြစ်သွားရသည်။