" ကျွန်တော် ဟျောင်းကို ချစ်တယ်... "
ဟာအိုရဲ့ မျက်နှာမှာ ချက်ချင်းပင် ရဲတက်လာပြီး ဟန်ဘင်းကို မကြည့်တော့ဘဲ မျက်နှာလွှဲသွားသည်။ ဟန်ဘင်း ပြုံးလိုက်ပြီး
" ကျွန်တော် ဒီစကားကို တစ်နေ့တစ်ခေါက် ပြောမှာ... ဒါပေမယ့် ဟျောင်း မထင်မှတ်ထားတဲ့ အချိန်မှာ ပြောမှာနော် .... "
ဟာအိုကတော့ ရှက်ပြီး ခေါင်းပင် မော့မလာတော့။
" ဘာတွေ ပြောနေကြတာလဲ... "
ကွမ်ရွေ့တစ်ယောက် ထွက်နေတဲ့ ချွေးတွေကို မျက်နှာသုတ်ပုဝါနဲ့ သုတ်နေရင်း ဟန်ဘင်းတို့ အနား ရောက်လာသည်။ ထို့နောက် စားပွဲပေါ် တင်ထားတဲ့ ရေသန့်ဘူးကို ဖောက်သောက်လိုက်ပြီး ဟာအို့ရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။ ခေါင်းငုံ့နေတဲ့ ဟာအို့ကို ကြည့်ကာ
" မင်းက ဘာလို့ ခေါင်းကြီး ငုံ့နေတာလဲ.... "
ဟာအို ခေါင်းယမ်းပြရင်း
" မင်း အချိန်ပြီးပြီဆို အောက်ဆင်းပြီး မုန့်သွားစားရအောင် ... ငါ ဗိုက်ဆာနေပြီ ... "
" ခဏစောင့်ဦး ... ငါ ရေချိုးလိုက်ဦးမယ် ... "
" အင်း... အင်း... "
အရှက်သည်းနေတဲ့ ဟာအို့ကို ထပ်မစရက်တော့တာမလို့ ဟန်ဘင်းလည်း သင်တန်းသားတွေ ရှိရာဆီ ထွက်လာခဲ့တော့သည်။
*****
မနက်စောစော ဟန်ဘင်းတစ်ယောက် ကွမ်ရွေ့တို့ ကွန်ဒိုကို ရောက်လာပြန်သည်။
" အစောကြီး လာပြန်ပြီလား... "
တံခါးဖွင့်ပေးလိုက်ရင်း ဟာအို ဆူအောင့်အောင့်နဲ့ ပြောလိုက်သည်။ မျက်နှာပြောင်တဲ့ ဟန်ဘင်းကတော့ ရယ်ပြလိုက်ပြီး အိမ်ထဲ ဝင်လာသည်။
" ကျွန်တော် ... မနက်စာ ဝယ်လာတယ်... ပြီးရင် ကျွန်တော်နဲ့ တစ်နေရာကို လိုက်ခဲ့ပေး... "
ဟာအိုတစ်ယောက် အိပ်မှုန်စုံဝါးနဲ့ မျက်လုံးကို လက်နဲ့ ပွတ်နေရင်း
" ဘယ်ကို လိုက်ရမှာလဲ ... "
" မနေ့ညက ကျွန်တော် ဟျောင်း ပြန်ရောက်နေတဲ့အကြောင်း မက်သျူးကို ပြောပြလိုက်တာ... အဲဒါ သူကလည်း အားနေတာနဲ့ ဟျောင်းကို တွေ့ချင်တယ် ပြောလို့ .... "