💜 24.1 💜
ကျောင်းရှေ့ ခုံတန်းလေးမှာ Jimin မောင်အလာကို စောင့်နေမိသည်။
မတွေ့ဖြစ်ကြတာလဲ ရက်ပိုင်းမျှရှိပြီလေ...
မောင် ဖုန်းဆက်လာတဲ့အခိုက်အတန့်မှာ လှိုက်ခနဲ ပျော်သွားမိရသေး...
မောင့်အလုပ်ရဲ့ မအားလပ်မှုများကြောင့် မောင်နဲ့ သူ ဖုန်းနဲ့သာ အဆက်အသွယ် လုပ်ဖြစ်နေကြတာ။ လူချင်းက မတွေ့ရ။
မောင် လာမယ့်လမ်းကို မျှော်ကြည့်ရင်း Jimin လည်ပင်းရှည်နေရပြီ။
လာခေါ်မယ်ပြောထားပြီး အချိန်က နောက်ကျနေတာကြောင့် နှုတ်ခမ်းလေးကလဲ စူပွပွဖြစ်နေပြီလေ။
သူပဲ အရမ်းလွမ်းနေလို့ တွေ့ချင်လှပါပြီဆိုလို့ ဒီလူက အတန်းချိန်ဖျက်ပြီးတောင် စောင့်နေရတာ။
မောင်က တော်တော်နဲ့ ပေါ်မလာ...
Hobi ကတောင် ပြောနေပြီ သူ့ကို...
မောင် နဲ့ပတ်သက်လာရင် ပိုလွန်းလို့တဲ့။
အမြင်ကပ်ကပ်ရှိရင် ယောင်း နဲ့ သွားတိုင်မယ်တဲ့လေ။
ဒါပေမယ့်လဲ တစ်ဦးတည်းသော သူငယ်ချင်းလေးဆိုတော့လဲ တားချင်ပေမယ့် သူက ချစ်နေတယ်ဆိုတော့ အလိုလိုက်ရှာပါတယ်။
ယောင်း မသိအောင်နေဖို့ အထပ်ထပ် သတိပေးရင်း Hobi မှာလဲ သူ့လောက်နီးနီး ရင်တထိတ်ထိတ်။
ကျောင်းမှာ ဘာဖြစ်ဖြစ် ယောင်း က သူ့ကို အကုန်ပြောဖို့ Hobi ကို မှာထားတယ်မလား။
ခုလို ကိစ္စအကြီးကြီး ဖြစ်ပျက်သွားတာကို အသိမပေးဘဲ အလိုတူအလိုပါ ကြိတ်ကြံနေမိတော့ သိသွားရင် သူလဲ မချောင်ဘူးဆိုပြီး ရင်ထိတ်နေတာ။
ခုံတန်းလေးပေါ် ခပ်လျှောလျှောလေးမှီရင်း လာရာလမ်းကို မျှော်ကြည့်လိုက် ပေါ်မလာတော့ ခေါင်းလေးငုံ့ပြီး လွယ်အိတ်ကြိုးလေးကို ဆော့နေလိုက်နဲ့ ခြေထောက်လေးတွေဟာလဲ လှုပ်စိလှုပ်စိနဲ့ အငြိမ်မနေနိုင် ဖြစ်နေတဲ့ Jimin။
အရိပ်အယောင်တောင် မမြင်ရသေးတဲ့ မောင့်ကို စိတ်က ကောက်ချင်နေပြီ။