Unicode
ကျောင်းအပ်ရန် မန္တလေးသို့ ဆင်းရမှာဖြစ်သောကြောင့်
စောစောထပြီး နှစ်ယောက်လုံး အလုပ်ရူပ်နေကြသည်။နေ့လည်မှဆို လမ်းမှာ နေပူမှာ ဆိုးသဖြင့် တောင်ပေါ်က စောထွက်ရန် စဉ်းစားထားကြသည်။ဆောင်းဦးရောက်နေသော်လည်း စိုးသဲညှာက နံနက်ခင်းတိုင်း အမြဲ မပြတ် ချိုးနေကျအတိုင်း ချိုးဖို့ ပြင်နေသောအခါ ဝန်းပိုင်လင်းမောင်မှာ တားရသေးသည်။
"ဒီလောက်အေးနေတာကို ရေချိုးဦးမှာလား။အိမ်ရှေ့လည်း ထွက်ကြည့်ဦး မြူတွေဆိုင်းနေတာသိလား "
ပုံမှန်အချိန်တိုင်း နေလို့ကောင်းသည့် ပြင်ဦးလွင်ရာသီဥတုမှာ ဆောင်းဦးတွင် အေးစက်စက်ဖြင့် တစ်မျိုးလေး သာယာသည်။
"ရေမချိုးရင် စေးကပ်ကပ်ကြီး မနေတတ်ပါဘူး "
"ပြန်လာမှချိုးလေ။ဟိုရောက်ရင်လည်း လူကြားထဲ တိုးရဦးမှာ "
" ဆောင်းဦးလည်း မန္တလေးက နေ့ခင်းပိုင်းဆို ပူတယ်။
မချိုးသွားရင်ပိုစိတ်ကျဉ်းကျပ်တယ်။နေပါဦး မင်းလည်း မနေ့က မနက်ပိုင်းကတည်းက ရေချိုးထားတာမလား ""ငါကပြန်လာမှချိုးမှာ...."
"မထင်ရဘူးနော် ညစ်ပတ်ချက်ပဲ ဝန်းပိုင်လင်းမောင် မင်း...ဘယ်လောက်တောင် ချွေးနံ့ တွေ ထွက်နေမလဲ မသိဘူး။ဝေးဝေးနေ ငါနဲ့ "
"ငါကရေမချိုးလည်း မွှေးတယ်။မယုံရင် နမ်းကြည့်ပါ့လား "
"ဘာကွ ...မင်းကို ဘာကိစ္စ နမ်းရမှာလဲ "
"ဟိတ် ဟိတ်...ဘာလဲ လိုရာတွေဆွဲတွေးမနေနဲ့။ ငါ့ခန္ဓာကိုယ်က မွှေးလို့ မင်းမယုံရင် အင်္ကျ ီကိုနမ်းကြည့် အနံ့ခံကြည့်ပြောတာကို ဘယ်ကို နမ်းခိုင်းတယ်ထင်လို့လဲ "
ပိုင်လေးပြောလိုက်မှ သူကပဲ ဟိုတွေးဒီတွေး လျှောက်တွေးနေတာလိုလို ပုံစံပေါက်သွားသဖြင့် စိုးသဲညှာတစ်ယောက် မျက်နှာပိုပျက်ကာ ရေချိုးခန်းထဲ အမြန်ဝင်သွားတော့သည်။
"အလယ်ခွဲကေနဲ့ ကောင်လေးတစ်ယောက်တော့ ကိုယ့်စကားနဲ့ကိုယ် ရှက်သွားပြီ "