Unicode
ကျောင်းတက်ရင်း ၊ အိမ်အလုပ် တူတူလုပ်ရင်း၊ စကားနိုင်လုရင်းဖြင့်ပဲ နေ့ရက်တွေမှာ ကုန်ဆုံးလာကာ အိမ်ထောင်သက်တမ်း 5လကျော်သို့ ရောက်ရှိလာကြသည်။အခုဆို first semester တွက် စာမေးပွဲနီးနေပြီဖြစ်သောကြောင့် အရင်လို စကားနိုင်လုကြသည့် အချိန်မှာ မရှိသလောက် ရှားသွားသည်။
ဝန်းပိုင်လင်းမောင်က final year ဖြစ်ပြီး စိုးသဲညှာမှာ third yearဖြစ်သည့်အလျောက် အရင်ကထက်စာပိုများလာသည်။မနက်ဆို ကျောင်းသွားရပြီး ပြန်ရောက်ရင်လည်း ပင်ပန်းနေကြသဖြင့် ထမင်းတောင် ချက်မစားပဲ ဆိုင်မှာစားကြတာများသည်။မိဘတွေက ပြည့်စုံပေမယ့် ကျောင်းမပြီးခင် အိမ်ထောင်ကျသည့် သူတို့အတွက်ကတော့ ဤအခြေအနေအား နေသားကျရန် တူတူ ကြိုးစားကြရသည်။
လက်တော့ပ်ဖြင့် စာလုပ်နေသော ဝန်းပိုင်လင်းမောင်နားသို့ စိုးသဲညှာ ကပ်သွားလိုက်သည်။
"ဝန်းပိုင်လင်းမောင်...."
ခေါ်သံကြားတော့ ဝန်းပိုင်လင်းမောင်က စာကြည့်ရင်းဖြင့် ခေါင်းတစ်ချက်မော့ပြလာသည်။စိုးသဲညှာလည်း သူ့ကို အဖက်မလုပ်ဘူးထင်၍ ဘာမှမပြောတော့ပဲ ဒီတိုင်းရပ်နေလိုက်သည်။
"ဘာလဲ စိုးသဲညှာ...ပြောလေ "
စိုးသဲညှာက မပြောပဲ ဒီတိုင်းကြီးပဲ မတ်တပ်ရပ်နေတော့မှ ပိုင်လေးက စာကြည့်နေရာမှ တစ်ခါ မော့ကြည့်လာသည်။
"နာမည်ခေါ်ပြီးရင်ပြောလေ။ဘာပြောမလို့လဲ ..."
"မပြောချင်တော့ဘူး။တော်ပြီ"
"ဘာလို့လဲ..."
"မင်းစာလုပ်နေတာ မပြီးသေးလို့ အအေးသောက်မလားမေးမလို့ကို မင်းမှ မော့မကြည့်တာ "
"စာကြည့်နေလို့လေကွာ။ငါတစ်ချက် မော့ပြလိုက်သေးတယ်လေ။မင်းကလည်းနော် စိတ်ကောက်ရာမရှိ ကြံဖန်ကောက်တယ် "
"ဘာကွ...ငါဘယ်မှာ စိတ်ကောက်လို့လဲ။ဒီတိုင်း ငါစကားပြောရင် ငါ့ကို ကြည့်မှကြိုက်လို့ "
"ဒါဆိုလည်း မင်းကိုလည်း ကြည့်နေမယ်လေ။ရပြီလား ဒီလောက်ဆို"