ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ပြုံးလျှက် ကြည့်သည်။
"ကျုပ် နားလည်ပြီ အစ်ကို။ ခင်ဗျားက ကျုပ်ကို ပြိုင်ပွဲမှာ စောင့်ကြည့်ပြီး ပြိုင်ဘက်တွေရဲ့အားနည်းချက် အားသာချက်တွေကို မရီးကို ပြောစေချင်တာမလား"
ဟန်မူယဲ့၏ထူးခြားသော စွမ်းရည်အား ဟွမ်လောင်လျှို ကောင်းကောင်း သိနားလည်ပေသည်။
မူလက ဟွမ်လောင်လျှိုသည် ဟန်မူယဲ့၏ထိုစွမ်းရည်အား အသုံးပြုကာ ချမ်းသာကြွယ်ဝရန် ကြံစည်ခဲ့သေးသည်။
ဟန်မူယဲ့က သူ၏အတွေးများအား ထိုးထွင်းသိမြင်သည်ကို တွေ့လျှင် ဟွမ်လောင်လျှို ရှက်ရှက်ဖြင့် ပြောသည်။
"ညီလေးဟန်... မင်းက ညီမဖျင်ကို ကူညီပေးဖို့လိုတယ်"
"ညီမဖျင်က သန့်စင်ရေကျောင်းတော်အတွက် အဆင့်ကောင်းကောင်းရအောင် တိုက်ခိုက်ပြီးတော့ ဂုဏ်ဆောင်ပေးချင်တာ"
"သူမက သန့်စင်ရေကျောင်းတော်မှာ ကျင့်ကြံတာ ကြာနေပြီလေ။ ဒီနည်းနဲ့ သူမ ငါနဲ့ ထွက်သွားတဲ့အခါ ဂိုဏ်းအတွက် တစ်ခုခုလုပ်ပေးရာ ကျတာပေါ့"
ဟန်မူယဲ့ ခေါင်းညိတ်သည်။
အကယ်၍ လုချန်းဖျင်သာ ဟွမ်လောင်လျှိုနှင့်အတူ မွေးရပ်မြေကို သွားရောက်ကာ ဇတ်မြှုတ်နေမည်ဆိုပါက သန့်စင်ရေကျောင်းတော်ကို ကျေးဇူးဆပ်သည့်အနေဖြင့် တစ်ခုခု လုပ်ပေးခဲ့ခြင်းမှာ ဖြစ်သင့်ပေသည်။
သို့သော်လည်း သန့်စင်ရေကျောင်းတော်၏အမွေခံဓားသိုင်းကား သာမန်သာ ဖြစ်သည်။ တစ်စုံတစ်ယောက်က အထူးတလေ ကျွမ်းကျင်လျှင်ပင် ဂိုဏ်းစုံညီစုဝေးပွဲ၌ အဆင့်ကောင်းကောင်းရရန် မလွယ်ပါ။
အကယ်၍ လုချန်းဖျင်သာ ဂိုဏ်းစုံညီစုဝေးပွဲ၌ အဆင့်ကောင်းကောင်းရလိုပါက သေချာပေါက် ပြိုင်ဘက်၏အားနည်းချက် အားသာချက်များအား သိရန် လိုပေသည်။
"ကောင်းပြီ... ဂိုဏ်းစုံညီစုဝေးပွဲကျရင် ကျုပ် သွားကြည့်လိုက်မယ်"
ဟွမ်လောင်လျှိုက ထိုသို့ပြောမှတော့ သူကလည်း တခြားဂိုဏ်းမှ လူများ တိုက်ခိုက်သည်ကို ကြည့်ရန် စိတ်ဝင်စားလာခဲ့သည်။
YOU ARE READING
တုနှိုင်းမဲ့ ဓားထိန်း
Fantasyမူရင်းနာမည်_ Maximum Comprehension: Taking Care of Swords In A Sword Pavilion မူရင်းစာရေးဆရာ_ I Am Not A Chibi ဘာသာပြန်_ ဦးဝင်းချို