အပိုင်း ၇၅ - အကြီးအကဲ... အတူတူစားမလား

153 18 0
                                    

"လေက မီးကို ထောက်ပံ့တဲ့အခါ မိုင်တစ်ထောင် လောင်ကျွမ်းတယ်"

ချီမင်ယွမ် မော့ကြည့်သည်။ ဟန်မူယဲ့၏ဘယ်လက်မှ အစိမ်းရောင်ဓားသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ဓားသိုင်းကွက်မှာလည်း တိမ်ခွင်းဓားသိုင်း ဖြစ်သည်။

တိမ်များ စုစည်းခြင်း ဖြန့်ကျက်ခြင်း နှင့် လေများ ပြင်းထန်စွာ တိုက်ခတ်ခြင်း...

သူ ခေါင်းကို မလှည့်ရသေးခင်တွင်ပင် မီးတောက်မီးလျှံများ ပေါက်ကွဲထွက်လာသည်။

သူ့ရှေ့တွင် အစိမ်းရောင်လေလှိုင်းများသည် အနီရောင်လှိုင်းကို ရိုက်ခတ်သွားသည်။ လေများ၏အထောက်အပံ့ဖြင့် မီးတောက်မီးလျှံများသည် အလျှံညီးညီး တောက်လောင်ကြတော့သည်။

လေနှင့်မီးတို့ တွဲဖက်တည်ရှိကာ ဓားဆန္ဒမှာလည်း ပေါင်းစပ်နေသည်။

ချီမင်ယွမ်သည် စိတ်ထဲတွင် ကြီးစွာ တုန်လှုပ်သွား၏။ ထိုမီးလျှံများသည် ကောင်းကင်တခွင် ပြည့်နှက်သွားသည့်အလား သူ ခံစားနေရ၏။

ဤသည်ကား တိမ်ခွင်းဓားသိုင်း၏တတိယအဆင့် ဖြစ်သည်။

ချက်ချင်းပင် သူသည် အကန့်အသတ်မဲ့သော မီးလောင်ပြင်ထဲ ရောက်သွားသလို ခံစားရ၏။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးတွင် မီးလျှံများ တောက်လောင်နေပြီး ထွက်ပေါက်မဲ့သော အခြေအနေသို့ ရောက်လာခဲ့သည်။

အကယ်၍ သူသာ ထွက်မပြေးပါက သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။

ကလင်...

သူက ဓားကို ထုတ်လိုက်ကာ ပြင်းထန်သော လေလှိုင်းအား ဖန်တီးလိုက်သည်။

တိမ်နှင်ခြင်း...

ဤကား ဓားဆန္ဒ ဖြစ်သည်။

ဝုန်း...

လေများက တိမ်ကို တွန်းထုတ်သောအခါ မီးတောက်များလည်း ပေါက်ကွဲကြသည်။

တိမ်နှင်ခြင်းက မီးတောက်ကို မဖိနှိပ်နိုင်သည့်အပြင် ၎င်းမီးလျှံများကို ပိုမိုအားကောင်းစွာ တောက်လောင်စေတော့သည်။

ချီမင်ယွမ်သည် အကန့်အသတ်မဲ့သော မီးလောင်ပြင်ထဲ၌ ပုန်းကွယ်စရာ နေရာမရှိတော့ပါချေ။ သူက ဓားကို ပြန်သိမ်းလိုက်ကာ သက်ပြင်းချလျှက် မျက်လုံးများကို မှိတ်လိုက်တော့သည်။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now