ဟန်မူယဲ့သည် ဓားစံအိမ်အဝင်ဝသို့ ရောက်သောအချိန်တွင်ပင် ကျောက်လှေကားထစ်ထံမှ အသံတစ်သံကို ကြားရသည်။
"ဟေး... မင်း လူသစ်လား"
"ဟွမ်လောင်လျှို ဘယ်မှာလဲ"
"သေသွားတာ ဖြစ်မှာပေါ့"
ဟန်မူယဲ့ လှမ်းကြည့်သည်။ အသက် ၄၀ အရွယ်ခန့် မီးခိုးရောင်ဝတ် လူကြီးတစ်ဦးသည် စိတ်မရှည်ဟန်ဖြင့် ရပ်နေသည်။
"စိတ်မပူပါနဲ့... ခင်ဗျား သေသွားရင်တောင် အစ်ကိုဟွမ် မသေနိုင်ဘူး"
ထိုလူ အံ့အားသင့်သွားသည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဓားထိန်းအသစ်တွေက ဒီလောက် မိုက်ရိုင်းတာလား"
ဟန်မူယဲ့က ခေါင်းညိတ်ကာ အော်ပြောလိုက်သည်။
"အကြီးအကဲကောင်း... ဒီလူက ခင်ဗျားကို ဓားထိန်းတွေကို ကောင်းကောင်း မသင်ပေးဘူးဆိုပြီးတော့ အပြစ်ပြောနေတယ်"
...
မနက်ခင်းနေရောင်သည် ကောင်းစွာ ထွန်းလင်းနေလေပြီ။
လေညင်းသဲ့သဲ့ ဖြတ်သွားလျှင် နွေးထွေးမှုကို ခံစားရနိုင်၏။
သားသားနားနားဝတ်ဆင်ထားသော လူကြီးသည် ဓားစံအိမ်အရှေ့မှ ကျောက်တုံးလှေကားထစ်အောက်ခြေတွင် ရပ်ကာ ချွေးစေးများ စီးကျနေသည်။
သူသည် ရှေ့ကို ကြောက်လန့်တကြား ကြည့်နေ၏။
ဆယ်စက္ကန့်ကြာပြီးနောက်တွင် သူသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
"ပြစ်ဒဏ်အငယ်စားနဲ့ ကြီးကြီးမားမား သတိပေးမှုပဲ။ မင်း နောက်တစ်ခါ ဓားစံအိမ်ကို မလေးမစား ပြုမူရင် ကောင်းအန်းချွန်းကို ကိုယ်တိုင် ဓားလာပို့ခိုင်းလိုက်"
ဓားစံအိမ်အကြီးအကဲ၏စကားသည် ပေါ့ပါးကာ ကောင်းကင်ယံမှ လာသည့်အလား လျှို့ဝှက်ဆန်းကြယ်မှုကို ပေးသည်။
ဓားစံအိမ်အဝင်ဝတွင် ရပ်နေသော လင်းရှန်နှင့် လုကောတို့မှာ အချင်းချင်း ကြည့်ကြသည်။
ဟန်မူယဲ့၏စကားတစ်ခွန်းမျှဖြင့် ဓားစံအိမ်အကြီးအကဲသည် အမှန်တကယ် တိုက်ခိုက်ခဲ့သည်။
YOU ARE READING
တုနှိုင်းမဲ့ ဓားထိန်း
Fantasyမူရင်းနာမည်_ Maximum Comprehension: Taking Care of Swords In A Sword Pavilion မူရင်းစာရေးဆရာ_ I Am Not A Chibi ဘာသာပြန်_ ဦးဝင်းချို