"ရထားက အခုထိ မ၀င်သေးဘူးလား"
ထိုင်စောင့်နေရတာ ညောင်းလှပြီ။နာရီဝက်လောက်ရှိပြီမို့ ဖင်တွေလည်း ပူထူနေပြီ။ညည်းညည်းတွားတွား ပွစိပွစိ ရွတ်ရင်းနဲ့ ဟိုးအဝေး သံလမ်းတစ်နေရာဆီ လည်ပင်းတစ်ချက်ရှည်ပြီး ထယ်ယောင်း မျှော်ကြည့်လိုက်မိတယ်။ဥသြဆွဲသံလည်း မကြားရ။ခေါင်းတွဲလည်း မမြင်ရ။
"ရထားသံချောင်းခေါက်ပြီးတာ မိနစ်နှစ်ဆယ်တောင် မကတော့ဘူး"
"အိမ်ပြန်ရောက်ရင် နားရပါ့ဦးမလား"
စိတ်ရှုပ်လက်ရှုပ် ခေါင်းကိုတဗြင်းဗြင်းကုတ်ရင်း နေရာက ထယ်ယောင်း ထရပ်လိုက်မိတယ်။အဘွားလာကြိုခိုင်းလို့သာပေါ့။မဟုတ်ရင် ဒီအချိန်ဆို အိမ်မှာအေးဆေး နှပ်နေပြီ။ကျူရှင်မသွားခင် ကြားထဲ တစ်နာရီလောက်ရတဲ့ အိပ်ချိန်က ဒီလူ့ကို လာကြိုရတဲ့အထဲ နာရီ၀က်မက ပဲ့ပါသွားတာ။
"ဦးလေးကြီး ရထားက ဘယ်အချိန် ၀င်မှာလဲ။စောနက သံချောင်းခေါက်တာ မိနစ်နှစ်ဆယ်တောင် ရှိပြီမဟုတ်ဘူးလား"
"အေးကွ၊ထိုပူးကို ၀င်ပြီလို့ ပြောလို့ ဦးလည်း သံချောင်းခေါက်တာပဲ။ထူးဆန်းတယ်။မိုးကောင်းမှာ ရထားဆုံနေလို့ များလား"
မီးရထား၀န်ထမ်း ဦးလေးကြီးရဲ့ စကားကို နားထောင်ပြီး ထယ်ယောင်း စိတ်ပျက်လက်ပျက်နဲ့ နေရာမှာတင် ဆောင့်ဆောင့်ထိုင်ချမိတော့တယ်။အခုဆို မိနစ်လေးဆယ်ရှိပြီ။ဒီပုံအတိုင်းသာဆို ဒီလူ့ကိုကြိုပြီး အိမ်ရောက်တာနဲ့ ရေမချိုးဘဲ တန်းပြီး ကျူရှင်ပြေးရတော့မယ့်ပုံပဲ။
"ဟေ့ အငယ်လေး ရထားက မ၀င်သေးဘူးလား"
"မ၀င်သေးဘူး"
"မျက်နှာကြီးကလည်း စူပုတ်သုန်မှုန်လို့။ဘာတွေဖြစ်နေတာလဲ"
"ရော် သားကျူရှင် သွားဖို့က အချိန်ကပ်နေပြီလေ။ဒီလူ့လာကြိုနေရတာနဲ့ အိမ်ရောက်ရင် နားချိန်တောင် ရမှာမဟုတ်ဘူး။အခုကြည့် ဆယ့်ငါးမိနစ်ပဲ အချိန်ရတော့မယ် တွေ့လား။အဲဒါကြောင့် ပြောတာ။လေးငယ်ကို လာကြိုခိုင်းလိုက်ပါ ဆိုတာကို အဘွားက သားကို အတင်းလာကြိုခိုင်းတာ။"
YOU ARE READING
❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓
Teen Fiction❛❛𝑫𝒆𝒅𝒊𝒄𝒂𝒕𝒆𝒅 𝒕𝒐 𝒎𝒚 𝒇𝒊𝒓𝒔𝒕 𝒍𝒐𝒗𝒆 အချစ်ဦးသို့ ရည်ရွယ်သည်❤❤❜❜ ❪𝑺𝒕𝒂𝒓𝒕 𝑫𝒂𝒕𝒆-𝑵𝒐𝒗28,2023 𝑬𝒏𝒅 𝑫𝒂𝒕𝒆-𝑭𝒆𝒃 10,2024❫