ထယ်ယောင်းက မှတ်ဉာဏ်မကောင်းဘူး

498 54 103
                                    

"သားငယ်ငယ်ကဆိုးလား"

"ကလေးပါဆိုမှကွယ်။ကလေးသဘာ၀ ဆိုးတာ ဂျစ်တာတော့ ရှိတာပေါ့ကွဲ့။ဒါပေမဲ့ ပြောမရဆိုမရ ဆုံးမမရလောက်အောင်တော့ သားက မဆိုးခဲ့ပါဘူးကွယ်"

"ငယ်ငယ်က အိပ်ရာထဲရော ရှူးပေါက်ချဖူးသလား"

"ဒါတော့ သားက အကျင့်ကောင်းတယ်။နှစ်နှစ်သားလောက်အထိပဲ"

မေမေ့ပေါင်ပေါ်ခေါင်းခုအိပ်ပြီး ထယ်ယောင်း ကလေးလေးလုပ်နေခြင်းပါ။ထယ်ယောင်း မေးသမျှမြန်းသမျှ စပ်စုသမျှကို မေမေကလည်း စိတ်ရှည်လက်ရှည် ဖြေပေးလေတော့ ထယ်ယောင်းက စိတ်ကြိုက်မေးနေတော့တာ။

"တစ်ခုခုလိုချင်ရင် ဂျစ်တိုက်ပြီးရော ငိုခဲ့ဖူးသလား"

"လေးငါးနှစ်သားလောက်တုန်းကတော့ ရှိတာပေါ့ကွယ်။မေမေ့ဆို လက်ညှိုးလေးတထိုးထိုးလုပ် မ၀ယ်ပေးရင် တအိအိနဲ့ ငို။အဲဒီအခါကျရင် မင်းအဖေကြီးနဲ့ မင်းကိုကိုက မင်းကို နည်းမျိုးစုံနဲ့ချော့။တခြားအရုပ်ကလေးတွေ လုပ်ပေးပြီး စိတ်ကိုလွှဲရတာပေါ့"

မေမေက တစ်ချက်ပြုံးရင်း ထယ်ယောင်းဆံပင်ကို လာသပ်ပေးတယ်။

"ဟုတ်လား ကိုကို။သားငယ်ငယ်က အဲဒီလိုဆိုးတာလား"

မေမေ့ပေါင်ပေါ်က ခေါင်းလေးနည်းနည်း ပင့်မလိုက်ပြီး ကားဘော်ဒီဘေး ဆောင့်ကြောင့်ထိုင်ချရင်း ကားနှိုက်နေတဲ့ကိုကို့ကို ထယ်ယောင်းတစ်ချက် မေးစမ်းပြုလိုက်မိတယ်။ကိုကိုတစ်ယောက် Tool Boxထဲက ဝက်အူတွေ၊ဂွတွေ နှိုက်နေရာက ထယ်ယောင်းဘက် လည်ပြန်လိမ်ကြည့်လာပြီး ဟင်းခနဲ တစ်ချက်ရယ်တယ်။

"မဆိုးပါဘူး။ကိုကို့ကလေးလေးက ဆိုးနေရင်တောင် ကိုကို့မျက်စိထဲ အလိုလို ချစ်ဖို့ကောင်းနေတဲ့ဟာ"

"အမလေးတော် ကိုကိုက ပိုပို"

ဖေကြီးဆီ ကားလာပြင်ရင်းနဲ့ မေမေ့ဆီ အလည်လာတဲ့ အန်တီမြတစ်ယောက် အိမ်ထဲကနေ ပန်းကန်ကြီးတစ်ချပ် မယူလာပြီး ထယ်ယောင်းတို့ဘေး ခုံပုနဲ့ ကုလားထိုင်တစ်လုံးချ ကုလားထိုင်ပေါ် ပန်းကန်တင်ပြီး ခုံပုပေါ်ထိုင်ချရင်း စစနောက်နောက် ဆိုလာတဲ့စကား။ပန်းကန်ထဲက ပန်းရောင်ရဲရဲ ရှောက်ပန်းသီးသုပ်နဲ့ ရေနွေးကြမ်းကရားအိုးကိုမြင်တော့ မေမေ့ပေါင်ပေါ် ပျင်းစိန်လေးလုပ်နေတဲ့ ထယ်ယောင်းတစ်ယောက် ဆတ်ခနဲ ငုတ်တုတ်ထထိုင်မိရော။အသုပ်က ရှောက်ပန်းသီး(ကျွဲကောသီး)ကို ငါးပိ မြေပဲဆံထောင်း မပါ့တပါနဲ့ သုတ်ထားတာပါ။ထယ်ယောင်းတို့ အထက်ပိုင်းကလူတွေ စားတတ်ကြတဲ့ ဒေသစာလို့ ပြောရမလား။ချိုချဥ်ငန်စပ်ခါး အရသာငါးမျိုးသမမျှတအောင် နယ်ဖတ်ပြီး ရိုးရိုးရှင်းရှင်းသုပ်ထားတဲ့ ဒီအသုပ်က နေမကောင်းထားတဲ့သူတွေ၊နာလန်ထစ ခံတွင်းပျက်နေတဲ့သူတွေအတွက်တော့ စားမြိန်စေမဲ့ သရေစာတစ်မျိုးပါပဲ။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now