အတိတ်သို့ခြေရာကောက်သော်-အပိုင်း (က)

351 51 94
                                    

"လူမဆန်တဲ့လူ!!!တိရစ္ဆာန်တွေတောင် ကိုယ့်သားသမီး၊ကိုယ့်သွေးသား၊ကိုယ့်မျိုးနွယ်စုကို ချစ်ရကောင်းမှန်း ကာကွယ်ရကောင်းမှန်းသိတယ်။ကိုယ့်အတ္တ၊ကိုယ့်လောဘတစ်ခုတည်းကို ရှေ့တန်းတင်ပြီး လူ့အသိစိတ်ပျောက်နေတဲ့ ဘိုးတော်!အခု ကျွန်မသား တစ်ခုခုဖြစ်ရဲဖြစ်ကြည့် ရှင့်ဘ၀တစ်ခုလုံး ရှင်လျက်သေသွားအောင် ကျွန်မလုပ်မှာ!!"

"တော်ပါတော့ သမီးရယ်။အခုလို ပြောနေ အော်နေလို့ရော ပျောက်နေတဲ့ကလေးက ရှာတွေ့မှာတဲ့လား"

ဘိုးဘိုးကြီးရဲ့ခြံရှေ့မှာ ထဘီကို ခါးတောင်းကြိုက်မတတ် မြောက်မပြီး အသံကုန်ချီအော်နေရင်း ထယ်ယောင်းမေမေ အန်တီ့မျက်နှာဟာ ဘီလူးသရဲ စီးမတတ် နီမြန်းနေခဲ့ပါတယ်။သားသမီးဇောကပ်လာတဲ့အခါ ဘယ်လိုမိခင်မျိုးမဆို သိပ်နူးညံ့လှပါချည်ရဲ့ဆိုတဲ့ အသွင်အပြင်ကနေ ခက်ထန်ကြမ်းကြုတ်တဲ့ စရိုက်တစ်ခုဆီ ကူးပြောင်းနိုင်တယ်ဆိုတာကို မျက်စိရှေ့တပ်အပ်မြင်ရတဲ့ အခိုက်အတန့်ပါပဲ။တစ်နာရီနီးနီး ထယ်ယောင်းလေးသွားတတ်မဲ့၊ထယ်ယောင်းလေး ရောက်တတ်မဲ့ နေရာအတော်များများဆီ ဖုန်းနဲ့တစ်သွယ် လူကိုယ်တိုင်သွားပြီးတစ်တန် ရှာပြီးဖွေပြီး ကြပြီးပြီ။မရှိပါဘူး၊မလာပါဘူး၊မတွေ့ပါဘူးဆိုတဲ့စကားတွေသာ နားရည်၀အောင် ကြားလာရတယ်။အခု၈နာရီကျော်တဲ့အထိကို အရိပ်အယောင်လေးတောင် မတွေ့ရတော့ အစပထမ ယောက်ယတ်ခတ်ပူပင်ပြီး နေရာမှာမထိုင်နိုင် တင်တကြွကြွဖြစ်နေခဲ့တဲ့ အန်တီတစ်ယောက် နေရာက ဒေါကြီးမောကြီးထလာပြီး ကျွန်တော်တို့ခြံရှေ့ကို တန်းတန်းမတ်မတ်လျှောက်လာ ဘိုးဘိုးကြီးကို ပျစ်ပျစ်နှစ်နှစ် နှုတ်အားဖြင့် ကျိန်ဆဲရေရွတ်တော့တာပါပဲ။အစပထမတော့ ခြံရှေ့ထိ ထွက်လာပြီး ရန်စကားပြန်တွေ့ပေမဲ့ "ကျွန်မသားလေး တစ်ခုခုဖြစ်သွားရင်"ဆိုတဲ့စကားကို ထပ်ဖန်တလဲလဲ ကြားရပြီးနောက်မှာ ဘိုးဘိုးကြီးတစ်ယောက် အသံတိတ်ငြိမ်သွားခဲ့တာ။ခြံရဲ့ ခုံရှည်မှာ စီးကရက်တစ်လိပ်နဲ့ ငူငူကြီးသွားထိုင်နေပြီး အန်တီ့စကားကို ဘာတစ်ခွန်းမှ တုံ့ပြန်မလာတော့ပါဘဲ အခုချိန်ထိ ဆိတ်နေတုန်း။အန်တီကတော့ ရသမျှအခိုက်အတန့်မှာ အပီကြိတ်မယ်ဆိုတဲ့ အတွေးရှိထားပုံ ရပါတယ်။နှုတ်ကနေ တရစပ် ကရားရေလွှတ်သလို တတွတ်တွတ် အော်ဟစ်နေခဲ့တာ ဘွားဘွားပါ နားမခံသာတဲ့အဆုံး အိမ်ထဲက ထွက်လာပြီး လာဆွဲရတဲ့အထိပါပဲ။

❛ကိုကိုအချစ်ဦး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now