အခန်း 199- ဓားတစ်ချက်ဖြင့်အနိုင်ယူခြင်း
ရီချန်းဂျီသည် နန်းမင်လီနှင့် အခြားလူများအား စိတ်ဝင်တစားကြည့်နေရာမှ သူ့အကြည့်များကို မိစ္ဆာကောင်ကြီးဆီသို့ ပြောင်းလိုက်သည်။
ထိုအချိန်တွင် တွမ့်တုန်းဖန်၏ ခန္ဓာကိုယ်သည် ဆယ်ပေကျော် မြင့်မားနေလေသည်။ သူ့တစ်ကိုယ်လုံးကို မီးခိုးရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး အကြေးခွံတစ်ခုစီတွင်လည်း သေသပ်စွာ ဖြစ်ပေါ်နေသည့် မျဥ်းကွက်များကိုပင် မြင်တွေ့နိုင်ပေသည်။
ချွန်ထက်သော အရိုးကြီးများသည် သူ၏ လက်နှင့် ခြေထောက်များမှ ငေါထွက်နေ၏။
မျက်လုံးများသည်လည်း ဗာဒံစေ့ကဲ့သို့ အဝါရောင် မြွေမျက်လုံးများ အဖြစ်သို့ ပြောင်းလဲသွားကာ အေးစက်ပြီး ခံစားချက်မဲ့နေပုံရလေသည်။
အော်ရာသည်လည်း လေးဆကျော် ငါးဆနီးပါးအထိ အားကောင်းလာလေသည်။
သူသည် အစက သူတော်စင်တစ်ပိုင်းနယ်ပယ်တွင်သာ ရှိနေသူဖြစ်ပြီး အသွင်ပြောင်းပြီးနောက်တွင် သူ့ခွန်အားသည် နောက်နယ်ပယ်သို့ အဆင့်ကျော် တက်ရောက်သွားကာ ချိုးဖြတ်ခြင်းနယ်ပယ်မှ နန်းမင်လီနှင့် နှိုင်းယှဉ်နိုင်သွား၏။
တွမ့်တုန်းဖန်ကိုယ်ပေါ်ရှိ မျဥ်းကြောင်းများသည် အစီအရင်အင်းကွက်တစ်မျိုးဖြစ်ကြောင်း ရီချန်းဂျီ သေချာသိလိုက်သည်။
ထိုကဲ့သို့ ခန္ဓာကိုယ်ပေါ်တွင် ခင်းကျင်းဖန်းတီးထားသည့် အင်းကွက်များကို သူ၏ ပဉ္စမမြောက် တပည့် ဝူယွမ်ဖေး၏ အမွေဆက်ခံမှုတွင်သာ သူမြင်ဖူးခဲ့သည်။
သူ အလွန်သိချင်သွားမိသည်။ ဤကဲ့သို့ ထူးဆန်းသော ကျင့်ကြံနည်းစနစ်ကို သူပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
နတ်ဆိုးစွမ်းအင်များကို အသုံးချ၍ ခန္ဓာကိုယ်ပြောင်းလဲခြင်းသည် သူ့အတွက် သိပ်မထူးဆန်းပေ။ သို့သော် တစ်စုံတစ်ယောက်၏ ခွန်အားကို တိုးမြင့်လာစေရန်အတွက် စိတ်ကြိုက်ဖန်တီးထားသော ဤအစီအရင်များသည် ရီချန်းဂျီ၏ မျက်လုံးများကို အရောင် တောက်ပစေခဲ့သည်။
