Zawgyi
" ဘာ......ဘာပြောတယ် မင်းက ရှောင်ဦးလေးရဲ့ တူဝမ်းကွဲ ဟုတ်လား "
ရှောင်းကျန့် ဘာမှပြန်မပြောခင် မိန်းကလေးနှစ်ယောက်ရံလျက် လင်းအဘွားက ထွက်လာကာ....
" ဟုတ်တယ် သား ရှောင်ဝူခမျာလည်း မား ခိုင်းသမျှပြေးလွှားနေရတာ နားရတယ်မရှိဘူးလေ ကောင်လေးကလည်း နယ်မှာ အခက်အခဲဖြစ်နေတယ်ဆိုလို့ မား ခေါ်ခိုင်းလိုက်တာ "
" အဲဒီလောက် လွယ်လား မား "
မျက်နှာကိုတညိ့တည့်ကြည့်၍ မလိုလားတာကို လက်ညှိုးထိုးပြောနေတော့ မာနစိတ်က အားရှိသမျှရုန်းကြွဖို့ ကြိုးစားနေပြီ။
ဒါပေမယ့် ပြောပြထားပြီးသော အကြောင်းအရာများကြောင့် သတိချပ်ပြီး ရှောင်း မျက်နှာလွှဲလိုက်သည်။
လင်းကောင်းထျန်းက သူ့ကိုပဲ မကျေမနပ်စိုက်ကြည့်ကာ..၊
" အခု သူက ဒီမှာ ဘာလုပ်မှာလဲ "
" လောလောဆယ်တော့ ရှောင်ဝူ လိုအပ်တဲ့နေရာမှာ ခိုင်းလိမ့်မယ် မြို့ပေါ်မှာ သူ သွားလာရေးအဆင်ပြေမှပဲ ဒရိုင်ဘာ အလုပ်ပေးမလားလို့ "
" အိမ်မှာ ကားတွေ အများကြီးရှိတိုင်း ဒရိုင်ဘာမလိုဘူး မား အပြင်ထွက်တဲ့လူလဲ သိပ်ရှိတာမဟုတ်ဘူး ကား ငါးစီးအတွက် မားက ဒရိုင်ဘာ ငါးယောက်ခန့်မလို့လား "
" မင်း မားကို ကလေးလိုပြောနေတာ ဆင်ခြင်စမ်း ၊ မင်း စီးပွားရေးလုပ်နေသလို မားလည်း အိမ်မှာဦးစီးနေရတာ ကိုယ့်အိမ်မှာ ဘာလိုအပ်လဲ မား သိတယ် "
" ဒါပေမယ့် အဲဒါအရင်ကလေ အခု မားက လူကောင်းမဟုတ်ဘူး ကျနော် မလေးမစားပြောနေတာ မဟုတ်ဘူး မားကို အေးဆေးအနားယူစေချင်တာ "
" နားလို့မရဘူး သား နားလို့မရတဲ့ကြားက မား မျက်လုံးတွေကို အနားပေးထားရတယ် ၊ ဒါပေမယ့် မား ကျန်းမာရေးအကောင်းအတိုင်းပဲ ပြီးတော့ မင်း ကျဲတို့လည်း အနားမှာရှိတော့တာ မဟုတ်ဘူး....."
" ကျနော့်ကိုတော့ မားက သား ရှိသးတယ်လို့ မမှတ်ဘူးမလား "
ကောင်းထျန်းက ဖျက်မေးလိုက်သည်။ ထို့နောက် ဆိုဖာခုန်နောက်တင် မတ်တပ်ရပ်နေရာက နောက်မှီပေါ် လင်တင်ကာ....
" ကျနော် သိတယ် ၊ ကျဲကျဲတို့ ဆုံးသွားတော့ မား အရုပ်ကြိုးပြတ်ဖြစ်သွားတာ ဝမ်လေး ပြန်ရောက်လာမှ မား ပြန်ပြီးထူထောင်လာတာ..."
" အဲဒါ ဟုတ်ပေမဲ့ မင်း ထင်သလိုတော့ မဟုတ်ဘူး ကောင်းထျန်း ၊ သားနဲ့သမီးမှာ သမီးဆိုတာ အမေအတွက် အတွင်းလူဖြစ်ပြီး သားဆိုတာ အပြင်လူပဲ၊ မိခင်အတွက် တိုးတိုးဖော်ဟာ သမီးပဲ အဲဒီအမှန်တရားကိုတော့ မင်း မေ့ထားလို့မရဘူး "
လင်းအဘွားရဲ့ စကားအဆုံး ကောင်းထျန်းက မဲ့ပြုံးပြုံးလိုက်သည်။ လင်းအဘွားက မမြင်နိုင်ပေမယ့် ရှောင်းကျန့်က မြင်လိုက်သည်။
ဘေးမှာ အလုပ်သမားလေးတွေ ရှိနေတာတောင် မျက်နှာပေါ်မှာ အေးစက်ခတ်ထန်မှုတွေက အထင်းသား....။
ထို့ကြောင့် အိမ်ပေါ်စတက်ကတည်းက ဦးလေးဝူ ပြောခဲ့တာတွေကို တွေးမိလိုက်သည်။
" ဒီအိမ်မှာ အလုပ်သမားတွေက အစ ကျောင်းထျန်းက သူ့ညီ စိတ်ကြိုက်ပြောင်းလဲခဲ့တာ၊ လစာပုံပေးပြီး သူ့စကားပဲ နားထဲသွင်းထားတာ အဲဒါကြောင့် သူတို့က စက်ရုပ်လိုပဲ မေးရင် ဖြေ၊ ခေါ်ရင် ထူးတဲ့ အရုပ်တွေလိုပေါ့ ၊ ရှင်းရှင်းပြောရရင် ဦးလေးတို့က ကိုယ့်ဘက်သား ရှာလိုက်ရတာပါ လူကြီးတွေဆိုပေမယိ့ ဒီနေရာမှာ တွေးခေါ်မှုတွေနဲ့ပဲ ငုတ်တုတ်ထိုင် ဆုံးဖြတ်လို့မရဘူး ခေတ်ကာလရဲ့ ခေတ်အမြင်တွေ လိုအပ်လာတယ်၊ အမြဲခြေတစ်လှမ်း နောက်ကျရတဲ့အဖြစ်တွေက အဲဒီကွာဟချက်ကြောင့်ပဲ "
" ဦးလေးတို့ရဲ့ ယုံကြည်ချက်တွေကို ခိုင်မြဲအောင် မောင်ရင် ကူညီပေးပါ၊ လင်းအိမ်တော်နဲ့ ဝမ်အိမ်တော်ရဲ့ မျိုးဆက် ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကို ဦးလေးတို့နဲ့ထပ်တူ ပူပန်စိတ်လေးထားပြီး စောင့်ရှောက်ပေးပါလားကွယ် "
ဝမ်အိမ်တော်ရဲ့ သခင်လေးက ဘာလို့ လင်းအိမ်တော်မှာနေလဲ မေးတော့ Wang GP က US ကို အကုန်ပြောင်းရွေ့ သွားတာဖြစ်လို့ တရုတ်နိုင်ငံမှာ မရှိတော့ကြောင်းသိရပြီး ဝမ်သခင်လေးက ပြန်အခြေချချင်တာကြောင့် ပြန်လာခဲ့သည် ဟုဆိုသည်။
လင်းအိမ်တော်ထဲ စိတ်မချနိုင်၍ စောင့်ကြည့်ဖို့တောင်းဆိုလာခဲ့တာ ဖြစ်ပြီး မယုံကြည်ရဆုံးက လင်းကောင်းထျန်းဖြစ်ကာ အန္တရာယ်ရှိနေတာက ဝမ်ရိပေါ် ဖြစ်သည်။
ဒါပေမယ့် ထပ်ပြီးအံ့သြရသည်က လင်းကောင်းထျန်းက သာမန်မွေးစားသားမဟုတ်ပဲ လင်းသူဌေးကြီး၏ သွေးသားရင်း ဖြစ်နေခြင်းပင်.....၊
လင်းဟွားမေ အတွက် ကိုယ့်ရင်သွေးမဟုတ်သော်လည်း ကိုယ့်ရင်သွေးနှင့် တန်းတူ ကိုယ့်သားနေရာထားခဲ့ရခြင်းအတွက် ရင်ထဲတော့ အစိုင်အခဲရှိသည်။
" သားလည်း ကိုယ်လုပ်စရာရှိတာလုပ်ပါ ဒီသူငယ်အတွက် မင်းမှာ ဘာအနှောက်အယှက်မှ မဖြစ်စေရဘူး "
" အနှောက်အယှက်က အခုပဲဖြစ်နေပြီလေ အိမ်မှာ လူစိမ်းရှိနေတာ ကျနော် မကြိုက်ဘူး စိတ်လည်းမချဘူး "
လင်းသားအမိနှစ်ယောက်အသံကြားမှ ရှောင်းကျန့် အတွေးပျက်သွားသည်။
" ဒီအရွယ် လူငယ်တစ်ယောက်ကို အိမ်မှာခေါ်ထားတာ မား မြေးအတွက် မပူတော့ဘူးလား "
မိမိကို စေ့စေ့ကြည့်ပြီး မလိုချင်ကြောင်း အကြိမ်ကြိမ်ပြောနေသည့်အတွက် ရှောင်း သည်းခံမှုကုန်ဆုံးကာ ထရန်ပြင်လိုက်စဉ်....၊
" မင်းထင်တာ မှန်ပါတယ် ကောင်းထျန်းရယ် ကျုပ်က မင်းကို ကိုယ်တိုင်ပြောမလို့ပါ "
အလျင်စလိုဝင်ပြောပြီး ရောက်လာသည့် ဦးလေးဝူက တင်းမာနေသော ရှောင်းရဲ့ မျက်နှာကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်ကာ....၊
" သူ့အတွက် ကျုပ် အကုန်တာဝန်ယူပါတယ် အိမ်မှာ အရေးအကြောင်းဆို ဒရိုင်ဘာလိုတယ်လို့ မမကြီးက ပြောဖူးတော့ ကျုပ်လည်း အခက်အခဲဖြစ်နေတဲ့ တူလေးကို ခေါ်လိုက်တာပါ "
" မလိုဘူး ဘာဒရိုင်ဘာမှ မလိုဘူး.. ဒရိုင်ဘာရှိရင် ဝမ်လေး အပြင်ထွက်တတ်လာမယ် ဒရိုင်ဘာက ငယ်ငယ် ဝမ်လေး က ကလေးဆန်တာနဲ့ မား ဘယ်လိုစိတ်ကူးတွေနဲ့ လုပ်နေလဲ စဉ်းစားလို့ကို မရဘူး "
" ဘယ်လိုစိတ်ကူးဆိုတာ သားကို ရှင်းမပြနိုင်ပေမယ့် မား စိတ်ချမ်းသာသလိုတွေးပြီး စီစဉ်လိုက်တယ်ဆိုရင်ရော မား မျက်လုံးတွေမမြင်ပေမယ့် အိမ်မှာ ဘာတွေလိုတယ်ဆိုတာ ကြားတယ်..သိတယ်...ခံစားတတ်တယ် နေရာတကာ သားငယ်ရေလို့ လှမ်းခေါ်တဲ့အချိန် မင်း အနားမှာ မရှိရင်ရော မိန်းကလေးတွေကို ခိုင်းလို့မဖြစ်တဲ့ဟာဆို မား ဘာလုပ်ရမလဲ "
" ဒါတော့ မား ကြံဖန်တွေးနေတာ အိမ်မှာ ခိုင်းစရာလူတွေ ရိုက်သတ်လို့မကုန်ဘူး "
" မားက ရိုက်သတ်ပစ်လို့ ရတာတွေမှ မလိုတာ.."
ကောင်းထျန်း ဆတ်ခနဲဖြစ်သွားသည်။
" မားနဲ့ရှောင်ဝူဆိုတာ ဟိုးအရင်ထဲက မောင်နှမ ရဲဘော်ရဲဘက်လို နေတာ ဒီအိမ်ရဲ့ ကောင်းကျိုးကိုပဲ သူ ထမ်းရွက်ခဲ့တာ ၊ သား ခေါ်လာတဲ့ လူတွေကိုတောင် အမေးအမြန်းမရှိ မား လက်ခံထားသေးတာပဲ ရှောင်ဝူရဲ့တူကို မယုံကြည်စရာ ဘာရှိလို့လဲ သား "
" မားက ရှောင်ဦးလေးနဲ့ ကျနော့်ကို တန်းတူထားလိုပ်တာလား ဒီအိမ်မှာ ကျနော်က ဘာလဲ ရှောင်ဦးလေးကရော ဘာလဲ၊ ပြီးတော့ ရင်းနှီသလို ကောင်းထျန်းလို့ ခေါ်တာလဲ မကြိုက်ဘူး "
" သား မင်းအတွေးတွေ ကလေးဆန်လွန်းတယ် မားက သားနဲ့ရှောငိဝူကို နှိုင်းယှဉ်တာမဟုတ်ဘူး...... "
" အတူတူပါပဲ "
ပြောပြီး လည့်ထွက်သွားပြီမှန်း လင်းဟွားမေ သိသည်။
ရှောင်ဝူက မိမိနှင့် အသက်သိပ်မကွာတာကြောင့် လူကြီးတစ်ယောက်အပေါ် လေးစားလိုစိတ်ရှိစေချင်သော်လည်း မောက်မာခတ်ထန်သော ကောင်းထျန်းက မလိုချင်...။
ခင်ပွန်းအပေါ် ရိုသေမပျက်ချင်သည့် စိတ်နှင့် ကောင်းထျန်း အိမ်ပေါ်ရောက်လာတာကို လင်းဟွားမေ မငြိုငြင်ခဲ့ပါ ။
သမီးနှစ်ယောက် ကိုယ်တိုက်က " ငါတို့ မောင်လေးပါလား "ဆိုပြီး နွေးထွေးစွာကြိုဆိုခဲ့သော်လည်း သူကတော့ ဖအေတူ မအေကွဲဆိုပြီး မောင်နှမလို့ နှလုံးသွင်းခဲ့ပုံမပေါ်ခဲ့ ။
ခင်ပွန်းမရှိတော့တာတောင် နွေးထွေးမှုမပျက်ခဲ့သည့် ဟွားမေတို့အပေါ် ပို၍စိမ်းသက်လာကာ ဇာတိပြချင်လာသည်။
မားလို့ ခေါ်နေသေးတာကိုပဲ မိမိစိတ်ကိုဖြေရင်း မေတ္တာမပျက်ဖို့သာ ကြိုးစားခဲ့ရသည်။ သူမ ကြိုးစားခဲ့သမျှ ဘါမှပြန်မရသည့်အပြင် အသိုက်ပျက်ခဲ့တာသာ အဖက်တင်လျက်....
" ရှောင်းကျန့်... လူလေးကို အဘွား...."
" ရပါတယ် "
မျက်ရည်တွေဝေ့သီနေသော မျက်ဝန်းများကိုကြည့်ပြီး ရှောင်း ဆုံးဖြတ်ချက် ခိုင်မာခဲ့သည်။
ဒီ လင်းအိမ်တော်မှာ ဘယ်လိုအခက်အခဲရှိရှိ သူ နေတော့မည်။
ဒါဟာ သူ့ ဘဝကို ပြောင်းလဲစေသော ဆုံးဖြတ်ချက် ဖြစ်ခဲ့တာကိုတော့.......
YOU ARE READING
You, Me and Kid
Romanceမိတ်ဆက်။ ။ ။ ပေကျင်းနှင့်အလှမ်းဝေးသော ကျေးရွာတစ်ခု...၊ ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ပြီ ဘဟကိုကျပန်းဖြတ်သန်းနေသော ရှောင်းကျန့် ...၊ ငတ်တလှည့် ပြက်တလှည့် ဘဝကို ဖြတ်သန်းနေသော်လည်း အပူအပင်ကင်းစွာနေထိုင်သော ရှောင်းကျန့်...၊ သူ့ ရဲ့ အပူအပင်ကင်းတဲ့ ဘဝထဲ...