Unicode
Chapter 1
ချိုးချိုးတစ်ယောက် အိမ်သာထဲမှာထိုင်နေပြီး ဖုလွေ့အန်းဆီ တုန်တုန်ရီရီနဲ့ဖုန်းခေါ်နေခဲ့တယ်။
အစတုန်းကတော့ သူက ဘောင်းဘီကိုပြန်ဆွဲတင်ပြီးမှ ခေါ်မလို့ပါပဲ။ ဒါပေမယ့် သူ့ဖင်လေးကိုသန့်ရှင်းရေးလုပ်နေတုန်းမှာပဲ ရှောင်လိက သူ့ဆီဖုန်းသုံးခါဆက်ပြီးသွားပြီ။ ဖုန်းထဲမှာလည်း တငိုငိုတရယ်ရယ်နဲ့ သူ့ကို နှလုံးသားမရှိဘူးလို့လည်း ဆူဆောင့်နေခဲ့တယ်။ အဲဒိတော့ သူလည်း မနေနိုင်တော့ပဲ အခုချက်ချင်း ထခေါ်ရတော့တာပေါ့။
တိုက်ဆိုင်တာတစ်ခုက ဟိုဘက်မှာရှိနေတဲ့ ဖုလွေ့အန်းကလည်း ဒုဥက္ကဌသုံးလေးယောက်နဲ့ အစည်းအဝေးလုပ်နေတာပြီးသွားလို့ သူ့အတွင်းရေးမှူးဆီကနေ ဖုန်းကိုပြန်ယူလိုက်တဲ့အချိန်၊ ငါးစက္ကန့်လောက်ပဲရှိသေးတယ် ဖုန်းကထမြည်လာတယ်။
ဒီဖုန်းမြည်သံလေးက ချိုးချိုးကိုယ်တိုင် သူ့ကိုသွင်းပေးထားတာလေ။ သူ့ရဲ့ကြည်လင်လှတဲ့အသံလေးနဲ့ တီးလုံးလေးတစ်ခုကို ညည်းနေတာ။ အသံလေးက ချယ်ရီပင်အောက်မှာ နွေဦးရဲ့လေပြည်ညှင်းလေးတွေတိုက်ခတ်သွားသလို၊ ဘေးနားကဖြတ်သွားတဲ့ကြားရသူတိုင်းကို နှလုံးအိမ်ထဲထိ စီးမြောသွားစေတာပေါ့။
ဒီသီချင်းကို သူ ပထမဦးဆုံးကြားတုန်းကဆို ဘယ်သူဆိုတာလဲလို့ ချိုးချိုးကို မေးလိုက်မိသေးတယ်။ အဲဒိတော့ ချိုးချိုးက မျက်နှာလေးနီရဲပြီးပြန်ဖြေရှာပါတယ်။ သီချင်းကို သူကိုယ်တိုင်ရေးထားတာဖြစ်ပြီး သာယာနာပျော်ဖွယ်အလယ်ပိုဒ်လေးကို ရေးပြီးပေမယ့် အစနဲ့အဆုံးကိုတော့ မသတ်မှတ်ရသေးပါဘူးတဲ့။
ဖုလွေ့အန်းက သီချင်းလေးကိုအရမ်းကြိုက်တာကြောင့် ဖုန်းဆက်တဲ့အချိန်တိုင်းမှာ ချက်ချင်းမကိုင်ဘူး။ ဖုန်းမြည်သံလေးကို နားထောင်နေသေးတာ..
"ချိုးချိုး.. ဘာဖြစ်လို့လဲ"
ချိုးချိုးရဲ့အသံက ငိုချင်နေပေမယ့် ထိန်းထားရသလို ကြောက်ကြောက်ရွံ့ရွံ့နဲ့ထွက်လာတယ် "ဒယ်ဒီ... ကျွန်တော့်ကို ငွေ(၁)သိန်းလောက်ချေးလို့ရမလား"