Unicode
(17)
အဝေးမှာရှိတဲ့ A မြို့ စတိတ်စင်ပေါ်က ချိုးချိုးက သူ့ဒယ်ဒီရဲ့ ဘီလီယံချီတန်တဲ့ စီးပွားရေးကြီး အခုလေးတင် နှောင့်ယှက်ဖျက်ဆီးခံလိုက်ရမှန်း မသိပါဘူး။
သီချင်းဆုံးသွားချိန်မှာ ချိုးချိုးက တုန်ခါနေတဲ့ဂစ်တာကြိုးတွေရပ်သွားအောင် အသာဖိလိုက်တယ်။ ဂစ်တာကိုပိုက်ရင်း မီးရောင်အောက်မှာ မတ်တပ်ရပ်ရင်း ချွေးပါးပါးတစ်လွှာ နဖူးထက်မှာကပ်ညိနေပြီး ဒိုင်လူကြီးတွေပေးလာမယ့်မှတ်ချက်ကို ယုံကြည်မှုအပြည့်နဲ့ စောင့်နေတယ်။
တကယ်တော့ ဒိုင်လူကြီးတွေ ပေးစရာတောင်မလိုတော့ဘူး။ ပရိသတ်တွေရဲ့တုန့်ပြန်ပုံနဲ့တင် အလုံးစုံအဖြေထွက်ပြီးနေပြီ။
"စူပါမျိုးဆက်သစ်တို့အသံ" က မထင်မရှား အဆိုပြိုင်ပွဲလေးပါ။ အန်းလွေ့လုပ်ငန်းစုက ရင်းနှီးမြှပ်နှံထားတယ်ဆိုပေမယ့် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားလို့ ပြောလို့မရသေးဘူး။ ဆီမီးဖိုင်နယ်ရဲ့ ပရိသတ်တစ်ထောင်မှာဆို ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေကလွဲပြီး ကျန်တဲ့ပရိသတ်အများစုက အငှားပရိသတ်တွေချည်းရယ်။
ထုတ်လုပ်ရေးအဖွဲ့က ဈေးအပေါဆုံးပရိသတ်အမျိုးအစားကို ငှားခဲ့ကြတယ်လေ။ ထမင်းကျွေးစရာမလိုဘဲ တစ်နေ့ ယွမ်(၈၀)ပဲ ပေးရတယ်။ သူတို့က ရယ်စရာမလိုဘူး၊ ငိုစရာမလိုဘူး၊ လက်ခုပ်တီးပေးရုံလေးပဲ။
ထုတ်လုပ်ရေးအဖွဲ့က အစကတော့ ငိုတတ်တဲ့လူတွေ ငှားဦးမလို့ပဲဆိုပေမယ့် ဈေးများလွန်းတော့ ခွင့်ပြုချက်ကျမလာဘူး။
တစ်ပြားပေးရင် တစ်ပြားတန်ပဲရမယ်။ ယွမ် (၈၀) တန် ပရိသတ်တွေက ခုံတွေပေါ်မှာ သစ်တုံးတစ်တုံးစီတင်ထားသလို ထိုင်နေကြတာပေါ့။
ချီချီချီအလှည့်မှာ ငယ်ငယ်ရွယ်ရွယ်ကလေးလေးမို့ ထူးထူးဆန်းဆန်းကြည့်ကြတာကလွဲရင် ကျန်အချိန်တွေမှာ ဖုန်းကလိမပျက်ဘူး။ ကင်မရာမန်းဆို ပရိသတ်တွေရဲ့အမူအရာကိုလိုချင်လို့ ခဏခဏလှည့်ရိုက်ပေမယ့် အကြိမ်တိုင်း ဝါးတားတားလုပ်ပြီး ဈာန်ဝင်ဆိုနေကြတဲ့ပြိုင်ပွဲဝင်တွေဘက်ကိုသာ အမြန်ဆုံးပြန်လှည့်ရတယ်။