unicode
(18)
ဒီလိုအဆိုပြိုင်ပွဲတစ်ခုမှာ ကနဦးလူရွေးပွဲအဆင့်ကလွဲရင် နောက်ပိုင်းပွဲစဉ်တိုင်းရဲ့အဆုံးမှာ စိတ်လှုပ်ရှားစရာ 'အနိုင်ရသူ ဖွင့်ဖောက်ကြေငြာချက်' တစ်ခု အမြဲတမ်းရှိပါတယ်။
ဒိုင်လူကြီးတွေက ဘယ်သူ့ကိုအနိုင်ပေးရမလဲ ကြိုတင်သတ်မှတ်ထားရင်တောင် ပရိသတ်ရှေ့မှာ အကြိတ်အနယ်ဆွေးနွေးပြရသေးတယ်။ ပြီးမှ ပြိုင်ပွဲဝင်တွေကို စင်ပေါ်ဖိတ်ခေါ်ပြီး ရလဒ်ကိုကြေငြာတယ်။
ချိုးချိုးက သန့်စင်ခန်းထဲပုန်းပြီး ဖုလွေ့အန်းနဲ့ချက်တင်ထိုင်နေရလို့ စကားဝိုင်းမှာမျောပြီး အချိန်မေ့လုနီးနီးဖြစ်သွားတယ်။ ဖုလွေ့အန်းကပဲ သူ့ကို သတိပြန်ပေးရတယ်။
သူက အမြန်ဖုန်းချပြီး စင်နောက်ဖက်ကို အမြန်ပြန်ပြေးလာတယ်။ သူရောက်လာတဲ့အချိန်မှာ ကျန်တဲ့လူတွေအကုန် ရောက်နေကြပြီလေ။ သူတို့တွေက စီစဉ်သူတွေရှင်းပြတဲ့ လာမယ့်အစီအစဉ်တွေကို နားထောင်နေကြတယ်။
စင်ပေါ်တက်မယ့်လူတန်းက သီချင်းဆိုတဲ့အလှည့်လို ရှေ့ဆင့်နောက်ဆင့်ပဲ။ ဟွာရှန်က ချိုးချိုးနောက်မှာ လက်ပိုက်ပြီး ရပ်နေတယ်။ ချိုးချိုးကို အရေးမလုပ်ဘဲ ဘေးဘီဝဲယာကိုသာဖြန့်ကျက်ကြည့်နေတယ်။
အပြစ်ရှိစိတ်ခံစားရတဲ့ချိုးချိုးက အရင်ဆုံးတောင်းပန်လိုက်တယ် "ဆောရီးပါကွာ၊ ငါတကယ် မင်းသီချင်းဆိုတာကို နားထောင်ချင်ပါတယ်၊ ဒါပေမယ့် နောက်ဆုံးအချိန်ရောက်မှ အရမ်းအရေးကြီးတဲ့ဖုန်းလာလို့ ကိုင်လိုက်ရတယ်"
ဟွာရှန်က ငယ်ငယ်ကတည်းက သခင်လေးတစ်ပါးလို ပြုစုစောင့်ရှောက်ခံလာရတာ၊ သူက စကားပြောရင် အမြဲရိုက်ပေါက် "ဘယ်သူက အဲ့လောက်အရေးကြီးတာလဲ၊ မင်းအဖေလား"
"အင်း.. ငါ့မွေးစားအဖေပါ"
".... အဲ့ အက်စတွန်မာတင်လား" ဟွာရှန်ရဲ့ဒေါသက ထောင်းခနဲထွက်ပြီးမှ ရေနဲ့လောင်းလိုက်သလို ရှဲခနဲပြန်ချုပ်ငြိမ်းသွားတယ်။
သူက အဲ့ဒိအဆင်မြင့်ဇိမ်ခံပြိုင်ကားကို မှတ်မိသေးတာကိုး။ သူ့ကို သွားရည်တမြားမြားကျအောင် လုပ်လိုက်တဲ့ကားလေ။ သူက အရင်က အဲ့လိုကားမျိုးကို ကားအရောင်းစင်တာမှာ တစ်ခါမြင်ဖူးပေမယ့်၊ လမ်းပေါ်မောင်းလာတာကိုတော့ ပထမဦးဆုံးမြင်ဖူးတာ။