(21)
ဖုလွေ့အန်းရဲ့ခေါင်းထဲမှာ ပေသီးသံတတောက်တောက်ညံနေပါတယ်။ ဒါပေမယ့် အိပ်ခန်းကြမ်းပြင်ပေါ်က တစ်ယောက်အိပ်တဲအိမ်ကိုမြင်တဲ့အခါ သူ့ခေါင်းထဲကပေသီးလုံးတွေက ဖလောဖလောနဲ့ ကြမ်းပြင်ပေါ်ပျံ့ကျဲကုန်တယ်လေ။
ဒီအချိန်မှာ ချိုးချိုးက ဧည့်ခန်းထဲ စာဖတ်နေတာဖြစ်ပြီး ဖုလွေ့အန်းက အင်္ကျီလဲမလို့ အိပ်ခန်းထဲဝင်လာခဲ့ပေမယ့် တံခါးတွန်းဖွင့်လိုက်တဲ့အချိန်မှာ အံ့အားသင့်သွားရတာနဲ့အတူ မျက်စိစပါးမွေးစူးစရာကောင်းတဲ့အရာက သူ့မြင်ကွင်းထဲကို တန်းဝင်လာတယ်။
သူက တဲတံခါးကိုလှန်ပြီး အထဲတစ်ချက်ကြည့်လိုက်တယ်... ခြင်ထောင်နဲ့ မီးအိမ်နဲ့ အိပ်ရာနဲ့ ပန်ကာအသေးစားနဲ့ အကုန်လုံး အဲ့မှာရှိတယ်။ မသိတဲ့လူသာတွေ့မိရင် ပျောက်ကျားတိုက်ပွဲအတွက် စခန်းချထားသလားတောင် ထင်ရလောက်တယ်။
တစ်ယောက်က ကုတင်ပေါ်မှာအိပ်ပြီး တစ်ယောက်က တဲထဲမှာအိပ်မယ်ပေါ့လေ.. ဘာလဲ.. သင်းက ကိန္နရီချောင်းခြားဖို့များ ကြံနေတာလား..
ဖုလွေ့အန်းက ကမူးရူးထိုးအရွဲ့တိုက်တတ်တဲ့အရွယ်ကို ကျော်သွားပါပြီ။ တည်ကြည်ခန့်ညားတဲ့ လူကြီးလူကောင်းမို့ တဲကိုအတင်းဖြိုပစ်မှာတော့ မဟုတ်ဘူး။
သူက ဘယ်သူ့ကိုမှ ဖိအားမပေးဘူး။ ချိုးချိုးကိုလည်း ကြိုက်ရာရွေးခွင့်ပြုထားတယ်။
ရှူးဂါးဘေဘီက တဲထဲမှာအိပ်ရတာကို ပိုသင့်တော်တယ်လို့ ထင်နေမှတော့ သူကလည်း လေးစားပေးရမှာပေါ့လေ။
ဒါကြောင့်ပဲ ဖုလွေ့အန်းက မျက်နှာထားတည်တည်နဲ့ တဲရှိရာလျှောက်သွားပြီး လက်နှစ်ဖက်နဲ့မလိုက်ကာ သူ့ရဲ့ဧရာမအိပ်ရာကြီးပေါ် ပစ်ချလိုက်လေတယ်။
.... ကြည့်လေ.. 'win-win' ပဲမလား။
ဧည့်ခန်းထဲမှာတော့ ချိုးချိုးက ဖုလွေ့အန်း သူ့တဲအိမ်ကို ပိုကောင်းတဲ့နေရာ ကူရှာပေးလိုက်တာ လုံးလုံးမသိသေးဘူး။ သူက ကျောင်းစာထဲမှာသာ အလုံးစုံခေါင်းနှစ်ပြီး လုပ်နေတယ်။
မီးဖိုပေါ်ကအမဲသားဟင်းက မီးတောက်နွေးနွေးပေါ်မှာ ကူးလူးကူးလူးနဲ့ ပွက်နေပြီး တခန်းလုံးကို ဟင်းခတ်အမွှေးအကြိုင်ရဲ့ သွားရည်ယိုလောက်စရာ မွှေးရနံ့တွေနဲ့ အပြည့်ဖြည့်ထားတယ်။ ဒယ်ဒီ အဝတ်လဲပြီးသွားတဲ့အခါ သူတို့တွေညစာစားလို့ရပြီလေ။