Unicode
(19)
ချိုးချိုးက ဆီမီးဖိုင်နယ်ကို အောင်အောင်မြင်မြင်ဖြတ်ကျော်သွားတော့ သူ့မိသားစုက သူ့အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာပေးကြတယ်။
သမုဒ္ဒရာခြားနေတဲ့ဆရာမသုန်က သူ့သားရဲ့ပြိုင်ပွဲဗီဒီယိုကို ကျောင်းသားတွေဆီ မျှဝေပေးလိုက်ပြီး စကားလုံး(၂၀၀)ပါတဲ့ စာတမ်းတစ်စောင်ကိုတောင် နိုင်ငံခြားကျောင်းသားတွေအတွက် ပြင်ပစာ reading ကုန်ကြမ်းအဖြစ် ထုတ်ပေးလိုက်တယ်။ သူတို့နားမလည်တဲ့ စကားလုံးတွေရဲ့အသံထွက်ကိုပါ သေချာလုပ်ပေးတယ်။
ဆရာချိုးကတော့ ခေတ်စားနေတဲ့အတိုင်း မိသားစုဂရုပ်ချက်ထဲ စာအိတ်နီတွေပို့လိုက်တယ်။ အန်ကယ်ရှန့်က ဝမ်းသာအားရဖွင့်ကြည့်ပြီး ရလဒ်ကတော့ အထဲမှာ (၃၂) ပြားပဲပါတယ်။
ချိုးချိုးက ကြည့်မနေနိုင်တော့ဘူး။
ဆောင်းဦးရဲ့ချိုး : ဆရာချိုး.. ကပ်စီးနည်းလိုက်တာဗျာ.. (၃၂)ပြားထဲ
ငါကလောင်ချိုး : ငါတို့ခေတ်တုန်းကဆို (၃၂)ပြားက ဝက်သားတစ်ပေါင် ဝယ်လို့ရတယ်
ငါကလောင်ချိုး : မင်းကကျောင်းသားပဲရှိသေးတယ်၊ ကျောင်းစာပဲဂရုစိုက်၊ ပထမအဆင့် နိုင်သွားရင်တောင် ကိုယ့်ရည်မှန်းချက်ကိုမပျောက်စေနဲ့၊ လောင်ဝမ်က ငါ့ကိုပြောတယ်... မင်း နောက်တစ်ပတ်ကျရင် အက်ဆေးနှစ်စောင်တင်ရမယ်ဆို
ချိုးချိုးက အခု အငယ်တန်း ဒုတိယစာသင်နှစ် ပြီးသွားပါပြီ။ ပြီးခဲ့တဲ့သုံးနှစ်လုံး သူရွေးခဲ့တဲ့အတန်းတွေရော၊ မတက်မနေရအတန်းတွေရော အကုန်ပြီးဆုံးသွားပြီ။ ဒါကြောင့် အကြီးတန်းနှစ်ရောက်ရင် ကျောင်းကိုပြန်သွားစရာမလိုတော့ဘဲ အလုပ်သင်ဆင်းလို့ရနေပါပြီ။
တကယ်တော့ သူက ဉာဏ်ကောင်းပြီး အဆင့်တွေကောင်းတယ်။ မူလတန်းတုန်းကဆို သူ့အတန်းပိုင်ဆရာက အတန်းကျော်တက်ဖို့ မိဘတွေကိုအကြံပြုခဲ့ပေမယ့် ချိုးပါးပါးက သဘောမတူခဲ့ဘူး... "သူ့ကို ဒီလောက်မြန်မြန်အရွယ်ရောက်ခိုင်းပြီး ဘာလုပ်မှာလဲ၊ ငါတို့အိမ်မှာက လွှဲပေးရမယ့် ထီးနန်းလည်းမရှိဘူး"