Unicode
(14)
သာယာတဲ့ပိတ်ရက်လေးတစ်ခုမှာ ဖုလွေ့အန်းက အိမ်မှာ အေးအေးဆေးဆေးအနားယူနေသင့်တာပါ။
ဒါပေမယ့် သူက စာကြည့်ခန်းထဲထိုင်နေရင်းနဲ့အမျှ ပိုပြီး ဂနာမငြိမ်ဖြစ်လာတယ်။ သူ့ခေါင်းထဲမှာလည်း ဗီဒီယိုကောလ်ခေါ်တုန်းက အကြောင်းပဲ တချိန်လုံးတွေးနေတယ်။ ချိုးချိုးအမှတ်မထင်ဖော်ထုတ်မိလိုက်တဲ့ ညှပ်ရိုးတွေနဲ့ ခါးလေးကိုရော၊ ပြီးတော့ စကားပြောတဲ့အခါ ဘွားခနဲပေါ်လာတဲ့ ပါးချိုင့်လေးကိုရောလေ။
ဖုလွေ့အန်းက ရေအေးအေးနဲ့ နှစ်ခါချိုးလိုက်ပေမယ့် သူ့ကိုယ်ထဲက အထိန်းအကွပ်မဲ့ ဆန္ဒမီးတောက်ကို မငြှိမ်းနိုင်သေးဘူး။
သူက အတွေးပေါက်သွားတော့ ကောက်ခါငင်ခါထပြီး ဗီလာကနေ ကားမောင်းထွက်လာကာ သူနဲ့မသက်ဆိုင်တော့တဲ့ကောင်လေးကိုကြိုဖို့ တစ်မြို့လုံး အရှိန်ပြင်းပြင်းနဲ့ ဖြတ်မောင်းလာခဲ့တယ်။
ချိုးချိုးကိုတွေ့လိုက်ရင် ပိုပြီးသည်းမခံနိုင်ဖြစ်လာလိမ့်မယ်လို့ သူက ထင်ထားခဲ့ပေမယ့် မမျှော်လင့်ဘဲ ချိုးချိုးရဲ့ပါးချိုင့်လေးတွေကို မြင်လိုက်ရတဲ့အခိုက်မှာ သူ့ကိုယ်ထဲကမီးတွေက တဖြည်းဖြည်း ငြိမ်းချမ်းသွားခဲ့တယ်။
ချိုးချိုးက သကြားခဲလေးတစ်ခဲပါ။ တာရှည်ခံဆေးမပါ၊ အရောင်မရှိ၊ သန့်စင်ထားခြင်းမရှိပေမယ့် သူ့အသံကိုကြားရုံ၊ သူ့ပုံသဏ္ဍာန်ကိုမြင်ရုံ၊ သူ့တည်ရှိမှုကိုတွေးတောနေရုံနဲ့တင် ဖုလွေ့အန်းရဲ့နှုတ်ခမ်းကို ချိုမြိန်နေအောင်လုပ်ပေးလိမ့်မှာ။
...........
လွန်ခဲ့တဲ့ငါးမိနစ်လောက်တုန်းက ချိုးချိုးက ကားပါကင်ဆီကိုလျှောက်လာနေတုန်း သူ့ကိုတစ်ယောက်ယောက်က ကြည့်နေသလိုမျိုး ထူးထူးဆန်းဆန်းခံစားလာရလို့ လှည့်ကြည့်လိုက်တုန်းမှာပဲ သူ့ဆီမောင်းလာတဲ့ တောက်တောက်ပပပြိုင်ကားတစ်စင်းကို မြင်လိုက်ရတယ်။
ကားမှန်တွေအကုန်လုံးအမည်းရောင်မို့ မောင်းလာတဲ့ဒရိုင်ဘာမျက်နှာကို မမြင်ရဘူး။ ဒါပေမယ့် ကျက်မိနေတဲ့ အရပ်ရှည်ရှည်သဏ္ဍာန်ကြောင့် ချိုးချိုးက ဖုလွေ့အန်းကားမောင်းလာမှန်း သိလိုက်တယ်။