Unicode
(5)
ချိုးချိုးထွက်သွားပြီးတဲ့နောက် ဖုလွေ့အန်းက သူ့အလုပ်ကို ကမန်းကတန်း လက်စသတ်ပြီးမှာ ရုတ်တရက် လုပ်စရာမရှိဖြစ်သွားလေတယ်။
ရှန်းကျန်းဗီလာက အရင်ကတည်းက သူ့အချစ်ကောင်လေးတွေကို ထားတဲ့ နေရာတစ်ခု၊ မြို့ထဲကနေ အတော်လေးဝေးပြီး ပတ်ဝန်းကျင်ကတိတ်ဆိတ်တယ်။
သူက လက်ကိုနောက်ပစ်ရင်း အပေါ်ထပ်စာကြည့်ခန်းပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေခဲ့ပြီး အဝေးက အမှောင်ထုထဲကို ကြည့်နေခဲ့ချိန် ပထမဦးဆုံးအကြိမ်အဖြစ် သူ့နှလုံးသားက လစ်ဟာနေခဲ့တယ်။
တအားထူးဆန်းတယ်.. လူတွေအများကြီး ရှန်းကျန်းဗီလာမှာ သွားသွားလာလာရှိခဲ့ပေမယ့် ဘာဖြစ်လို့ ဒီတခါမှ "အထီးကျန်"တဲ့ ခံစားချက်ကို ရနေတာလဲ...
ချိုးချိုးက ပြဿနာများတဲ့ကလေးမဟုတ်ဘူး။ ခါတိုင်း သူတို့နှစ်ယောက်အတူရှိနေကြရင် သူ အများဆုံးလုပ်တတ်တာက ဖုလွေ့အန်းကို သီချင်းဆိုပြတတ်တာပါ။
ဖုလွေ့အန်းက ဒါကို ချိုးချိုးက အနုပညာလောကထဲဝင်ချင်လို့ သူ့ကို အရိပ်အမြွက်ပေးနေတယ်လို့ တလွဲတွေးတယ်။
ဒါကြောင့် ရက်ရက်စက်စက်မှတ်ချက်ပြုတယ် "သီချင်းဆိုသွားတာ ဆိုးလိုက်တာ"
ချိုးချိုးက စိတ်သဘောထားနူးညံ့တယ်။ ဒေါသမထွက်ဘူး။ သူက သီချင်းစာရွက်ကိုသာလိပ်လိုက်ပြီး ဖုလွေ့အန်းကိုထုလိုက်တယ် "ဒယ်ဒီ ရင်ထဲကမပါတဲ့စကားကို မပြောပါနဲ့လား၊ အသံမကောင်းဘူးထင်ရင် ဖုန်း ringtone မထားနဲ့လေဗျာ"
ဖုလွေ့အန်းက ရှောင်လိုက်ပြီး ဒီကောင်လေး အကြီးမသိ အငယ်မသိ ရိုင်းစိုင်းလှချည်လားလို့ တွေးလိုက်တယ်။ သူက ချိုးချိုးကို 'ကြီးတယ်'ဆိုတာ ဘာလဲသိအောင်ပြဖို့ အိပ်ခန်းထဲ ချီခေါ်သွားတယ်။
အဆုံးမှာတော့ နှစ်ယောက်သားက တနေ့လည်လုံး နပန်းလုံးနေခဲ့ကြတယ်။
......
မမျှော်လင့်ဘဲ အတွေးယဉ်ကြောထဲနစ်မျောသွားတာကို နားလည်လိုက်တော့ ဖုလွေ့အန်းက သူ့ကိုယ်သူ လှောင်လိုက်တယ်။ သူက ဝိုင်တစ်ခွက်ကိုလောင်းထည့်ပြီး ဆိုဖာပေါ်မှာ အေးအေးလူလူအနားယူနေလိုက်တယ်။