အနည်းငယ်အေးသောလေညှင်းတွေတိုက်ခတ်နေတာမို့ လိုက်ကာစဖြူဖြူလေးက ပြတင်းပေါက်မှာလှုပ်ရှားနေသည်။ထိုပြတင်းပေါက်ကနေလှမ်းကြည့်ရင် မြင့်မားတဲ့အဲပရက်စ်တောင်တန်းကြီးတွေကို သေချာရှင်းရှင်းလင်းလင်းမြင်ရတာမို့ black coffee တစ်ခွက်နဲ့အတူ Yoongi ငေးနေမိသည်။အေးချမ်းစေတဲ့မြင်ကွင်းကြောင့် ကော်ဖီခွက်ကိုလက်ကချ၍ မျက်လုံးတွေကိုခဏမှိတ်ပြီး ခံစားမိသည်။လေညှင်းတွေက သူ့ကိုယ်ပေါ်ကနေဖြတ်ပြေးသွားတာမို့ အင်္ကျီစက တလွင့်လွင့်ဖြစ်သွားရသည်။နဂိုကြားနေရတဲ့အသံတွေထက်ပိုကြားရသည်မို့ ငှက်ကလေးတွေအော်နေသံကိုပါ ရှင်းရှင်းလင်းလင်းကြားလာရသည်မို့ နှုတ်ခမ်းပါးလေးတွေကွေးမိသည်။
ထိုအချိန် ခြံထဲသို့ကားဝင်လာသံကြားတာကြောင့် မျက်လုံးပြန်ဖွင့်ပြီး ပြတင်းပေါက်ကနေကြည့်ကြည့်တော့ အိမ်တော်ထဲကိုဝင်လာတဲ့ ဖခင်ဖြစ်သူဝန်ကြီးချုပ်ကားကို တွေ့ရသည်။ဖခင်ကိုတွေ့လိုက်ရတဲ့ Yoongi ဟာ ကလေးတစ်ယောက်လိုပြေးလွှားရင်း အိမ်အောက်ထပ်ကိုပြေးဆင်းသွားသည်။
"ဖေဖေ"
"သားလေး"
ဖေဖေက အသက်အရွယ်တစ်ခုရနေပြီဖြစ်သော်လည်း သူ့ကိုတွေ့တာနဲ့ ဝမ်းသာအားရဖြင့်ပြေးဖက်သည်။ဖေဖေ့ရင်ခွင်နွေးနွေးကို သူလည်းပြန်သိုင်းဖက်ရင်း ကလေးတစ်ယောက်လို ရင်ခွင်ကိုခေါင်းနဲ့အသာပွတ်တိုက်လိုက်တော့ လက်ဖဝါးနွေးနွေးတွေနဲ့ ခေါင်းကိုပွတ်ပေးပြီး 'ဖေဖေ့အချစ်ရဆုံးလေး' ဟုပြောသည်။
"ဘယ်တုန်းကရောက်တာလဲ...ဖေဖေသိရင်စောစောပြန်လာမှာပေါ့"
"ကဲပါ...အိမ်ထဲအရင်ဝင်ပြီးမှမေးခွန်းတွေမေးကြပါလားရှင်"
အမေဖြစ်သူဝင်ပြောတော့မှ Yoongi တို့သားအဖနှစ်ယောက်လုံး ဧည့်ခန်းထဲသို့ဝင်လာသည်။
"မေမေ့သားလေးအကြိုက် ပိုင်မုန့်လုပ်ပေးထားတယ်...စားလိုက်ဦးနော်...ကိုကတော့အဝတ်အစားအရင်သွားလဲရမယ်...ပြီးမှစကားလာပြောရမယ်"
