ဂျောင်ဝန်းခေါင်းထဲတွင် အသံများအားလုံးဝေဝါးနေခဲ့၏။
တစ်ချို့က သူရယ်မောနေခဲ့သောအသံဟုထင်ရသော်လည်း ကလေးတစ်ယောက်၏အသံကဲ့သို့ ငယ်ရွယ်လွန်းနေသည်။ ထိုနောက်တွင် အမျိုးသမီးတစ်ဦး၏ ချိုသာသောရယ်မောသံကလည်း ကပ်ကာပါနေ၏။
ထိုပျော်ရွှင်စွာ ရယ်မောနေသံများသည် အဆုံးတွင်တော့ ကြောက်မက်ဖွယ်ရာ လှောင်ရယ်သံအချို့နှင့် ရောနှောလာကာ သူ့လည်ပင်းကို တစ်စုံတစ်ခုက ဆောင့်ညှစ်လိုက်သလို ခံစားလိုက်ရလေသည်။
အမှိုက်လိုကောင် ...
အေးစက်စက် စကားသံအဆုံးတွင် ဂျောင်ဝန်းမျက်ဝန်းတွေ ပွင့်ဟသွားခဲ့လေ၏။
" သခင်လေး ... အဆင်ပြေရဲ့လား ? "
ပထမဆုံး သူ့မျက်လုံးထဲကို တိုးဝင်လာတာက အလင်းစူးစူးတွေဖြစ်ပြီးတော့ ထိုအရာကို ကိုယ်နှင့် ကွယ်ပေးရင်း အုပ်မိုးကြည့်လို့ မေးလာတာကတော့ သူ့ကိုကျောင်းပို့ကျောင်းကြို လုပ်ပေးနေကျ driver ဦးလေးဖြစ်လေသည်။
ဂျောင်ဝန်း အနည်းငယ် အသက်ရှူရခက်သလို ခံစားနေရဆဲဖြစ်ပေမယ့် ကိုယ်ကို အနည်းငယ်အားပြုကာ ထ၍ ထိုင်ရန်ကြိုးပမ်းလိုက်၏။ driver ဦးလေးကလည်း ကူညီပေးလာလေသည်။
" ဒီကိစ္စကြားပြီးချက်ချင်းပဲ ဥက္ကဋ္ဌကြီးလည်း ဂျပန်ကနေ ပြန်လာပါပြီ .. မကြာခင်ရောက်တော့မယ်ထင်တယ် "
ဂျောင်ဝန်းဟာ မိမိအဖေဖြစ်သူကို အရမ်းကြီးတော့လည်း မျှော်လင့်တကြီးမရှိလှပါ။
သူက ဦးလေးကို အသာအယာ ခေါင်းတစ်ချက်ညိတ်ပြပြီးလိုက်သည့်နောက် ဆေးရုံအခန်းတွင်း အခြေအနေကိုသာ ဝေ့ဝဲကြည့်လိုက်၏။
ရုတ်တရက် သူ့ခေါင်းထဲတွင် သူမေ့မြောမသွားခင်က ကြားခဲ့ရသော ပေါက်ကွဲသံက တိုးဝင်လာလေသည်။
" ဦးလေး "
" ဟုတ်ကဲ့... သခင်လေး "
ဦးလေးက သူ့ကို နှစ်အတော်ကြာ လိုက်ပါစောင့်ရှောက်ခဲ့သည့်သူမို့ သူ့ကိစ္စအားလုံးကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြ ဖြေရှင်းခိုင်းရန်အထိ ယုံကြည်စိတ်ချရပါ၏။