ဂျုံဆောင်း၏လက်ချောင်းထိပ်များက Laptop keyboard ခလုတ်များပေါ် တွင် အဆက်မပြတ် တဂျောက်ဂျောက်ပြေးလွှားနေခိုက် အနောက်ဘက်ကျောပေါ်မှ လေးလံမှုလေးတစ်ခုနှင့်အတူ လက်လေးနှစ်ဖက်က သူ့လည်ပင်းရှေ့သို့ နောက်မှနေသိုင်းလျှက် ဖက်တွယ်လာသည်အား ခံစားမိလိုက်ရသည်။
ထိုအခါ အလုပ်ပေါ်၌သာ အာရုံစိုက်ထားခဲ့သော ဂျုံဆောင်း၏ နှုတ်ခမ်းထောင့်စွန်းလေးများက အလိုလိုကို ခပ်ဖွဖွ ပြုံးမိသွားရ၏။
နောက်မှနေ၍ သူ့ကို သိုင်းဖက်လာကာ ပုခုံးပေါ်မေးလေးတင်လာသော ကောင်လေးကြောင့် ဂျုံဆောင်းလှည့်ကြည့်မိတော့ ပါးလေးတစ်ဖက်ကို နမ်းရှိုက်မိလုမတတ် နီးကပ်သွားခဲ့ရသည်။
" ပျင်းနေပြီလား "
ထိုအခါ အနည်းငယ် မဲ့တဲ့တဲ့မျက်နှာလေးနှင့် ကောင်လေးက ခေါင်းလေးကို နှစ်ကြိမ်ခန့်ညိတ်ပြလာပါ၏။
ဂျုံဆောင်းသည် အတော်လေး အသည်းယားသွားရသဖြင့် သူ့ကိုသိုင်းဖက်ထားသည့် လက်မောင်းလေးကို ပွတ်သပ်ပေးရင်း ထိုနီးကပ်နေသော ပါးလေးတစ်ဖက်ကိုလည်း နမ်းရှိုက်လိုက်သည်။
" ခဏပဲစောင့် .. ကိုယ်လက်စသတ်လိုက်မယ် "
" hyung ရော ခေါင်းမကိုက်ဘူးလား ? ဒီလောက် အကြာကြီး အလုပ်တွေပဲ ထိုင်လုပ်နေရတာ "
ကလေးဆန်သော စကားလေးကြောင့် ဂျုံဆောင်း မတတ်နိုင်စွာ တစ်ချက်ရယ်မိလိုက်၏။
" ခဏနေပြီးတော့မှာပါ..ပြီးတော့ ဒီခြေထောက်နဲ့ ကိုယ် company ကိုလည်း မသွားရတာကို..အိမ်မှာလုပ်ရမှာပေါ့ "
ထိုအခါ ဂျောင်ဝန်းက ဂျုံဆောင်း၏ ကောင်းကောင်းမထောက်နိုင်သေးသော ခြေထောက်တစ်ဖက်ကို ငုံ့ကြည့်ကာ သက်ပြင်းချသည်။
" ဟင်း... hyung နာမှာကို မလိုချင်ပေမယ့် ခုလိုခြေထောက်တစ်ဖက်ထောက်မရတော့ အိမ်မှာ တစ်နေကုန် ကျွန်တော်နဲ့အတူရှိနေတာကို အရမ်းသဘောကျတာပဲ.. နောက် company ကိုပြန်သွားတဲ့နေ့တွေကျရင် ပုံမှန်ထက်ပိုပြီး လွမ်းနေရတော့မယ်ထင်တယ် "
ထိုကဲ့သို့သော စကားလေးများသည် ဂျုံဆောင်းအတွက်တော့ ပိုလို့ အသည်းယားစိတ်ကို တိုးလာစေပြီး နီးကပ်နေသော နှာခေါင်းထိပ်လေးများကို အချင်းချင်း ထိကပ်ပွတ်တိုးလိုက်မိ၏။