" ဟုတ်ကဲ့ ဒါဆို ကျွန်တော့်ဒီနေ့တင်ပြမှုက ဒီလောက်ပါပဲ "
ထုတ်ကုန်အသစ်အတွက် design ရှင်းလင်းတင်ပြမှုကို လုပ်ဆောင်ပြီးချိန်တွင် အစည်းအဝေးစားပွဲ ထိပ်ဆုံးနေရာတွင်ရှိနေသော ဥက္ကဌ၏ ခေါင်းညိတ်ပြမှုကိုမြင်ရတော့မှ အဖွဲ့မှူးခမျာ သက်ပြင်းချနိုင်လေသည်။
" မဆိုးဘူးပဲ..ဒါဆို ဒီ design နမူနာကိုပဲ အတည်ပြုလိုက်တော့မယ် "
" ဟုတ်ကဲ့ ဥက္ကဌ ..
ကျေးဇူးတင်ပါတယ် "အနည်းဆုံးတော့ စိတ်တိုင်းမကျလွယ်သည့် ဥက္ကဌထံမှ ဝေဖန်မနှစ်မြို့မှုအချို့ကို ရမည်ဟု ခန့်မှန်းထားခဲ့ရာ ယခုအခြေအနေက အနည်းငယ် မယုံကြည်နိုင်ဖွယ်ပင်ဖြစ်နေပြီး အဖွဲ့မှူးကို 90° ထိ ငုံ့ကိုင်းကာ နှုတ်ဆက်မိသွားစေ၏။
ဂျုံဆောင်းသည် ခေါင်းတစ်ချက်ပြန်ဆတ်ပြကာ အပြုံးမမည်သော အပြုံးတစ်ခုကိုပြုံးပြရင်း အစည်းအဝေးကို အပြီးသတ်ရန်ပြင်လိုက်တော့သည်။
" ဒါဆို ဒီနေ့အစည်းအဝေးကိုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါ့မယ် .. အားလုံးလည်း နေ့လည်စာသွားစားပြီး အားဖြည့်ထားလိုက်ကြပါဦး "
ထိုကဲ့သို့ ရှားပါးသော ဥက္ကဌ၏မျက်နှာ ရွှင်လန်းနေမှုကိုမြင်ရသောအခါ အလုပ်ပတ်ဝန်းကျင်လေထုတစ်ခုလုံးက ပေါ့ပါး၍ လန်းဆန်းလာရ၏။
အတွင်းရေးမှူးဂင်နှင့်အတူ အစည်းအဝေးခန်းထဲမှ ထွက်ခွာသွားချိန်တွင်မူ ဝန်ထမ်းအချို့အတွက် တီးတိုးပြောဆိုချင်စရာ ခေါင်းစဥ်တစ်ခုကိုပင် ချန်ထားခဲ့သည်။
" ဟဲ့.. ဥက္ကဌကိုကြည့်ရတာ ဒီရက်မှ အရမ်းကိုရွှင်လန်းနေသလိုပဲလို့ မထင်ရဘူးလား "
" ဟုတ်ပါရဲ့.. ကြည့်ရတာ ကောင်းတဲ့ကိစ္စတစ်ခုခုရှိတယ်ထင်တယ် "
" ဟုတ်တယ်နော် ? "
.....................................
အတွင်းရေးမှူးဂင်သည် ကားနောက်ကြည့်မှန်မှနေတစ်ဆင့် နောက်ခန်းသို့ကြည့်မိသော် ကားပြတင်းအပြင်သို့ငေးကာ တစ်ချက်တစ်ချက် ပြုံးရယ်လျှက်ရှိနေသော ဥက္ကဌကိုမြင်ရ၏။