" ခင်ဗျား တကယ်ပဲ စိတ်ရောမှန်သေးရဲ့လား "ထိုစကားကို ရီခီမျက်မှောင်ကြုံ့လို့ စိတ်ရှုပ်စွာ ဆိုမိသည့်အချိန်တွင် ဖုန်းခေါ်ဆိုမှု တစ်ဖက်မှလူက အနည်းငယ်လေးတောင် စိတ်အနှောင့်အယှက် ဖြစ်သွားပုံမပေါ်။
သူ့ပုံမှန်လေသံ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ခပ်အေးအေး တုန့်ပြန်လာပါ၏။
" မင်းအနေနဲ့တော့ အဲ့လို စဥ်းစားကောင်း စဥ်းစားမိနိုင်တယ်..ဒါပေမယ့် ငါ့အနေနဲ့တော့ ဂျောင်ဝန်းစိတ်ထဲမှာ လေးလံနေတဲ့ အပြစ်ကြွေးတွေကို ချေဖျက်ပေးမယ့်နည်းလမ်းက ဒါအပြင်မရှိဘူး "
" အကယ်၍ တစ်ခုခုမှားယွင်းသွားခဲ့ရင်ရော? "
ဖုန်းကို ဆုပ်ကိုင်ထားသည့် ရီခီ့လက်တို့က တင်းကျပ်နေခဲ့ပြီး မျက်နှာထက်တွင်မူ စိတ်ရှုပ်ထွေးမှုတို့က အတိုင်းသား ပေါ်လွင်နေခဲ့သည်။
" အဲ့ဒါမို့လို့ မင်းကိုအကူအညီတောင်းတာပါ.. ကျေးဇူးပြုပြီး ဂျောင်ဝန်းကိုတော့ မထိခိုက်အောင် ကာကွယ်ပေးနိုင်မယ်မလား "
" ခင်များတကယ်ပဲ- "
ရီခီ ရှေ့ဆက်ပြောမည့်စကားတို့က လမ်းတစ်ဝက်တွင်သာ ရပ်တန့်နေခဲ့၏။
ထိုအချိန်ကနှင့် ထပ်တူ သက်ပြင်းချမိချိန်တွင်မူ သူ့လက်တွေက စီယာတိုင်ပေါ်တွင် အနည်းငယ် တင်းကျပ်လျှက်ရှိနေခဲ့သည်။
" ဘာလို့ သက်ပြင်းတွေချည်းပဲ ခဏခဏချနေတာလဲ.. စိတ်ပူစရာတစ်ခုခုရှိလို့လား "
" uhh ? "
ရီခီသည် ဘေးဘက်မှနေ၍ သူ့အရိပ်အကဲကို ကြည့်နေဟန်ရှိသော ဂျောင်ဝန်းကြောင့် သိပ်မသက်မပါသော ဟန်ဆောင်ပြုံးတစ်ခုကိုသာပြုံး၍ ခေါင်းခါယမ်းပြလိုက်ရ၏။
သို့သော် hyung ကို ပြန်ပို့ရမည့်နေရာနှင့် နီးကပ်လာခဲ့လေ စိတ်တွေက ပိုမိုလေးလံလာခဲ့ရလေဖြစ်လေသည်။
ရုတ်တရက် သံသယဖြစ်ဖွယ် အသံတစ်ခုက နီးကပ်လာခဲ့ကာ တိုးရာမှ ဆူညံလာခဲ့ပြီး ရီခီ့ကို အသက်အောင့်မိစေရန်ထိ ဖြစ်စေခဲ့၏။
" ရီခီ ! "
ရုတ်တရက် hyung ၏ လက်တစ်ဖက်က သူ့ဘေးဘက် အင်္ကျီစကို တင်းကျပ်စွာဆုပ်ကိုင်လာခဲ့ပြီး မျက်ဝန်းများက မတည်မငြိမ်ဖြစ်လာလေတော့သည်။