ရက်ပိုင်းမျှကြာပြီးနောက်တွင် ဂျောင်ဝန်းအဖျားက အရှင်းအလင်း မပျောက်သေးသော်လည်း အတော်လေးကို ထူထူထောင်ထောင်ပြန်ဖြစ်သွားလေပြီ။
ထို့ကြောင့် ယနေ့က ဂျုံဆောင်း ရုံးချိန်ကို အချိန်ပြည့်ပြန်တက်သော ပထမဆုံးရက်ဖြစ်၏။
ပျက်ကွက်ခဲ့သောအလုပ်များက အတော့်ကို စုပုံနေသဖြင့် နေ့လည်စာကိုပင် ကိုယ်တိုင်ထွက်မစားဘဲ အတွင်းရေးမှူးဂင်အား ဝယ်လာခိုင်းလိုက်ရသည်။
မကြာခင် အချိန်တွင်း J&J group 27 နှစ်မြောက်နှစ်ပတ်လည်နှင့် ရာထူးအလွှဲအပြောင်းကိစ္စလည်း အကောင်အထည်ပေါ်လာတော့မည်မို့ ဂျုံဆောင်း အနေနှင့် ပို၍ သတိကပ်ရ၏။
အလုပ်စားပွဲရှေ့တွင် အတော်လေး ညောင်းချိအောင် ထိုင်ခဲ့ပြီးသည့်နောက် အတွင်းရေးမှူးဂင် ဖျော်လာပေးသော ကော်ဖီတစ်ခွက်နှင့်အတူ သူခဏအနားရလေသည်။
" အလုပ်ဆင်းတော့မှာလား မန်နေဂျင်း "
" အင်း နောက်နာရီဝက်လောက်နေရင် ဆင်းမယ် "
ဂျုံဆောင်း လက်မှ နာရီကို ငုံ့ကြည့်လိုက်တော့ 6 နာရီခွဲပြီး၍ မကြာခင် 7 နာရီထိုးတော့မည်။
နာရီလက်တံက တစ်ချက်ချက် လှုပ်ရှားနေသည်ကို ခဏတာကြည့်နေလိုက်ပြီးနောက် သူ့ခေါင်းထဲ အတော်ကြာကြာပျောက်ဆုံးနေခဲ့သော မှတ်ဥာဏ်တစ်ခုက ပြန်လည်ဝင်ရောက်လာလေ၏။
ဂျုံဆောင်း မျက်ဝန်းများက စက္ကန့်ပိုင်းမျှ ငေးငိုင်သွားပြီးနောက်တွင် အလုပ်စားပွဲ၏ အံဆွဲကို ခပ်ဖြည်းဖြည်းဆွဲဖွင့်လိုက်သည်။
အရေးကြီး စာရွက်စာတမ်းများနှင့် ပစ္စည်းအချို့ထည့်ထားသော ထိုအံဆွဲ၏ထောင့်ဘက်တစ်နေရာတွင် မီးခိုးရင့်ရောင်ဘူးလေးတစ်ခုရှိနေ၏။
ဂျုံဆောင်း ထိုဘူးလေးကို ထုတ်ယူကာ ဖွင့်ကြည့်လိုက်သော် အထဲတွင် တစ်ခါမှမဝတ်ခဲ့ဖူးသေးသော အသစ်စက်စက် နာရီတစ်လုံးရှိနေခဲ့သည်။
ထိုညကို ဂျုံဆောင်း အကြမ်းဖျင်းလောက်တော့မှတ်မိ၏။
အထက်တန်း ဒုတိယနှစ်တွင် ကျရောက်ခဲ့သော သူ့မွေးနေ့တစ်ရက်တွင်ပင်။