ဂျောင်ဝန်း အမှန်တကယ်က အဖျားပျောက်နေပါပြီ။
ဒါပေမယ့်လည်း ကြောက်စရာကောင်းတဲ့ hyung က သူ့ကို အစားအသောက် အပြုအမူတွေကအစ လိုက်ကန့်သတ်နေတုန်းပဲ။
" အာ.. ဒီခေါင်းလည်း တကယ်ဘယ်တော့လျှော်ရမှာလဲ "
မလျှော်ရတာ တစ်ပတ်ခန့်ကြာပြီဖြစ်သောကြောင့် စေးကပ်နေပြီဖြစ်သောခေါင်းကို တဗြင်းဗြင်းကုတ်ရင်း ဂျောင်ဝန်း ရေရွတ်လိုက်၏။
နာရီကိုကြည့်မိလိုက်တော့ ည 8 နာရီခန့်ရှိနေလေပြီ။
ယနေ့ နေ့လည်လောက်က hyung ကို အနှောင့်အယှက်မပေးရဲ၍ အတွင်းရေးမှူးဂင်ကို ဖုန်းဆက်မေးကြည့်တော့လည်း အလုပ်ဆင်းချိန်က ည 9 နာရီခန့်လောက်ဖြစ်မည်ဟု သိရ၏။
ထို့ပြင် ညနေလောက်ထိ လူက အနည်းငယ် ဖျော့တော့နေခဲ့သေးသော်လည်း ယခုချိန်တွင်မူ ဂျောင်ဝန်း လုံးဝကို လူကောင်းသူကောင်းတစ်ယောက်အတိုင်း လန်းဆန်းလို့နေသည်။
အခြေအနေက အဘက်ဘက်မှနေ၍ ရေချိုးခေါင်းလျှော်ခြင်းကို ခိုးဝှက်လုပ်ရန် အခွင့်အရေးပေးနေလေ၏။
ဂျောင်ဝန်း တွေးတောနေခြင်းဖြင့် ခပ်ကြာကြာ အချိန်ဆွဲမနေတော့ဘဲ ရေချိုးခန်းထဲသို့သာ ဝင်လာခဲ့လိုက်တော့သည်။
.......................................
ရေကို ခပ်နွေးနွေး အနေအထားတွင်ထား၍ ရေပန်းအောက်ဝင်ရပ်လိုက်ချိန်တွင် ဂျောင်ဝန်း ရေချိုးခန်းထဲမှပင် ပြန်မထွက်ချင်လောက်အောင် သက်တောင့်သက်သာဖြစ်မိ၏။
ဒီအတောအတွင်း ဖျားနာနေခဲ့တာမို့ မလှုပ်မရှားဘဲ နေခဲ့ရတာတွေက ခန္ဓာကိုယ်ကို ထိုင်းမှိုင်းစေတာမို့ သူခပ်ကြာကြာလေး အချိန်ယူ ချိုးဖြစ်သည်။
Shampoo များကိုလည်း သုံးနေကျပမာဏထက် အများကြီးပိုသုံး၍ အမြှုပ်များ များများထွက်အောင်လုပ်ရင်း ခေါင်းကိုလျှော်၏။
ရေချိုးဆပ်ပြာကိုလည်း ထိုအတိုင်းပင်။
အားလုံးပြီးစီး၍ ရေပန်းအောက်ပြန်ဝင်ရပ်ချိန်တွင် သူ့အထင် မိနစ် ၂၀ ခန့်တော့ ကြာသွားလောက်ပြီဖြစ်သည်။