Gazing 18
မီးမဖွင့်ထားသော ဧည့်ခန်းထဲတွင် စီးကရက်များကို မီးညှိဖွာရင်း ဂျုံဆောင်းထိုင်နေမိသည်မှာ အတော်ကြာနေခဲ့ပြီဖြစ်၏။
အရှေ့မှပြာခွက်ထဲတွင် သောက်ပြီးသား ဆေးလိပ်သုံးလိပ်က နေရာယူထားနှင့်ပြီးဖြစ်ပြီး ယခု သူ့လက်ချောင်းများထဲတွင် ညှပ်ထားသည်က လေးလိပ်မြောက်အလိပ်ဖြစ်သည်။
ဆေးလိပ်ငွေ့များကဲ့သို့ ပျံ့လွင့်မသွားနိုင်ဘဲ သူ့ခေါင်းထဲ၌သာ လှောင်ပိတ်နေသော အတွေးအချို့သည် သူ့လက်ချောင်းများကို ပင့်မြောက်၍ နားထင်ကိုနှိပ်မိစေ၏။
ဒီအတောအတွင်း ဘာတွေလုပ်နေမိခဲ့တာလဲ ..
ဤမေးခွန်းက သူ့ကိုယ်သူ အထပ်ထပ်အခါခါ ပြန်မေးနေခဲ့မိသော မေးခွန်းပင်။
ဘာတွေလုပ်နေခဲ့ပြီးတော့
ဘာတွေကို တွေးနေမိခဲ့တာလဲ ..
ဂျုံဆောင်း အတွေးထဲတွင် ရုတ်တရက် ဖယ်လွှားခံလိုက်ရသော ပိတ်ဖြူစတစ်ခု နေရာယူလာ၏။
နီစပ်နေသော အသားအရေများနှင့် မီးလောင်ဒဏ်ရာများ။
အဖေ့ကို နောက်ဆုံးအနေနှင့်မြင်ခဲ့ရသော ထိုအနေအထားကို သူဘယ်လိုမှ မေ့မထားနိုင်ပေ။
အဖေဟု အသံကျယ်ကျယ်ခေါ်ရန်ပင် မတတ်နိုင်ခဲ့ရလောက်အောင်ထိ ဆုတ်ဖြဲခံရသကဲ့သို့ နာကျင်စူးအောင့်နေခဲ့သော လည်ချောင်းများ၏ ခံစားချက်ကို သူခုထိ မှတ်မိနိုင်သေးသည်။
ပြန်တွေးတိုင်းလည်း ထပ်တူ စူးအောင့်လာရဆဲဖြစ်၏။
သောက်လက်စ စီးကရက် ကုန်ဆုံးသွားသောအခါတွင်မူ ဂျုံဆောင်း ပြာခွက်ထဲ၌ ဖိတိုးကာ ချေပစ်လိုက်၍ မျက်ခမ်းစပ်အောက်နားတွင် စီးကျလုဆဲဆဲဖြစ်နေသော မျက်ရည်တစ်စက်ကို လက်မဖြင့် သုတ်ယူလိုက်သည်။
ထို့နောက် အကြောင်းပြချက်မရှိ ခေါင်းခါ၍ တစ်ချက်ရယ်မောလိုက်မိပါ၏။
အင်း ... အဆင်ပြေသားပဲ
အနည်းဆုံးတော့ သူအဲ့ကောင်လေးရဲ့စိတ်ကို အနာတရပေးနိုင်ခဲ့တယ်လေ။