တစ်ခါတလေ ကော်ဖီဆိုင်များသည် လိုအပ်သည်ထက်ပို၍ တိတ်ဆိတ်နေတတ်သော အခိုက်အတန့်များရှိ၏။
သို့မဟုတ် သူ့နားထဲကိုပဲ ဘာသံမှမဝင်လာတော့တာလား ဂျောင်ဝန်း သိပ်တော့မသေချာပေ။
သူနှင့်မျက်နှာချင်းဆိုင်နေရာတွင် cappuccino တစ်ခွက်ရှိနေပြီး နှာဖျားထဲကို ကော်ဖီနံ့သင်းသင်းတိုးဝင်လာစေသည်။
ထိုကြော့ရှင်းသော လက်တစ်ဖက်က ကော်ဖီခွက်ကို ဆုပ်ကိုင်လာချိန်တွင် ဂျောင်ဝန်းကတော့ လက်သည်းထိပ်များကိုသာ ကုပ်ဖဲ့နေခဲ့၏။
" အိမ်ကနေ ပြောင်းသွားတာလား "
hyung ရဲ့အသံသည် အရင်ကထက် အနည်းငယ်ပို၍ သြရှရှဖြစ်သွားသည်က လွဲလျှင် အရင်ကအတိုင်း ထပ်တူထပ်မျှ သူ့အပေါ်အေးစက်နေဆဲဖြစ်သည်။
ဂျောင်ဝန်းနှင့် 4 နှစ်အကြာမှ ပြန်လည်ဆုံစည်းခြင်းအတွက် ပထမဆုံးမေးခွန်းက ထိုကဲ့သို့ ဖြစ်၏။
" အင်း ... အရွယ်ရောက်ပြီဆိုတော့ အပြောင်းအလဲလေးလုပ်ကြည့်ချင်လို့ပါ... ကျွန်တော့်အလုပ်နဲ့လည်း ပိုပြီးအဆင်ပြေမယ်ထင်လို့ "
ကော်ဖီခွက်အနားက ထိုနှုတ်ခမ်းထူထူတွေဆီကို ဖိကပ်မသွားခင် အခိုက်အတန့်ကြားမှာ သူမကြားရတာကြာပြီဖြစ်သော ဟက်ခနဲ ထေ့ငေါ့စွာ ရယ်သံလေးတစ်ချက်ကို ကြားရသည်။
" ပျော်နေတဲ့ပုံပဲ "
ထိုစကားက ဂျောင်ဝန်း အနည်းငယ်တော့ ရင်ထဲဆို့နင့်သွားစေ၏။
သူဖြတ်သန်းခဲ့ရတဲ့ 4 နှစ်တာအကြောင်းကို တွေးမိတော့ သူ့မျက်ဝန်းတွေ စူးအောင့်လာရသည်။
မပျော်ဖူးပါ။
hyung နဲ့ဝေးပြီး သူဘယ်တုန်းကမှ မပျော်ဖူးခဲ့။
" hyung ရောဟင်...
ဟိုမှာ အဆင်ပြေခဲ့ရဲ့လား "ဂျောင်ဝန်းအမှန်တကယ်ကို သိချင်ခဲ့တာဖြစ်၏။
သူနှင့် တစ်ခါလေးတောင်မှ အဆက်အသွယ်မရှိခဲ့ပဲ ...ထို 4 နှစ်တာလုံးမှာ hyung အဆင်ပြေပြေရှိနေခဲ့ရဲ့လား။
ဂျောင်ဝန်း ကိုယ့်ကိုယ်ကို အရမ်းတုံးအလွန်းသလို ခံစားရသည်။