ပန်းချီပြပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သော ပန်းချီပြခန်းတစ်ခုတွင်ဖြစ်သည်။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ကင်မရာသံ တဖြတ်ဖြတ်ကို ထင်ရှားစွာကြားနေရပြီး တစ်ယောက်တည်း လှုပ်ရှားနေသော လူငယ်တစ်ယောက်ရှိ၏။
ဂျင်းကုတ်အနက်ရောင်တစ်ထည်ကို ဝတ်ဆင်ထားသော ထိုလူငယ်သည် ရှည်လျားသော အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး ကင်မရာတစ်လုံးကို လည်ပင်းမှာဆွဲလျှက် နံရံပေါ်မှပန်းချီကားများကို သေချာအာရုံစူးစိုက်ကာ မှတ်တမ်းတင်လို့နေသည်။
ခြေတံရှည်များနှင့် ကင်မရာကိုဆုပ်ကိုင်ထားသော လက်ချောင်းရှည်ရှည်သွယ်သွယ်များကြောင့် သူကိုယ်တိုင်အနုပညာတစ်ခုနှင့် ဆင်တူနေကြောင်း ကိုတော့ ဖြတ်သွားဖြတ်လာ အလုပ်ရှုပ်နေကြသော ဝန်ထမ်းအချို့ကသာ သတိထားနိုင်မည်ထင်၏။
နံရံပေါ်မှ ပန်းချီလက်ရာအသစ်များကို ရိုက်ကူးပြီးသည့်နောက် ထိုလူငယ်သည် ဓါတ်ပုံများကိုပြန်စစ်ကြည့်ရင်း နဖူးပေါ်၌ တစ်ဖက်စီကျနေသော ဆံချည်မျှင်ရှည်ရှည်များကို လက်တစ်ဖက်နှင့် သပ်ကာတင်လိုက်သည်။
အနည်းငယ် သဘောမကျသည့်ဟန်ဖြစ်ကာ တည်တင်းနေသော နှုတ်ခမ်းထူထူများအောက်တွင် မှဲ့နက်လေးတစ်စက်က မေးဖျားပေါ် နေရာယူလျှက်ရှိ၏။
" ဘာလို့လဲ ဒီတစ်ခေါက် ငါ့ပန်းချီတွေကို သဘောမကျလို့လား "
ရယ်သံလေးအနည်းငယ်စွက်ကာ မေးလျှက် လျှောက်လာသောကောင်လေးသည် ဖြူလွှလွှတီရှပ်တစ်ထည်ကို ပေါ့ပေါ့ပါးပါး မီးခိုးရောင် style pants လေးတစ်ထည်နှင့် တွဲဖက်ဝတ်ဆင်ထားပြီး မျက်ဝန်းလေးများထက်တွင်တော့ မျက်မှန်ဝိုင်းလေးရှိသည်။
ဘောင်းဘီအိတ်ထဲ လက်နှိုက်လျှက် လျှောက်လာသော ထိုကောင်လေးကိုမြင်သော် တစ်ဖက်လူက ဓါတ်ပုံများကို စစ်ဆေးနေရင်း ချက်ချင်း ပြုံးရွှင်ကာ ရယ်ပြလာလေ၏။ ထိုအခါ မျက်ရစ်မပါသော မျက်လုံးမှေးမှေးလေးများက ပျောက်ကွက်သွားလေသည်။
" jungwonie hyung ..
ရောက်တောင်ရောက်လာပြီလား "ဂျောင်ဝန်းသည် မိမိထက် တစ်နှစ်ငယ်သော်လည်း ခေါင်းတစ်လုံး ထင်ထင်ရှားရှားသာကာ အပေါ်စီးမှ ငုံ့ကြည့်နေသော အရပ်အရှည်ကြီးနှင့် ကောင်လေးကိုကြည့်ရင်း နှာခေါင်းလေးရှုံ့မိလိုက်၏။