စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၁၂)
ရင်လေးစွာဖြင့် ဟုတ်နေပြီလို့ မြကျော် ရေရွတ်ရင် အိမ်သို့ပြန်လာခဲ့လိုက်သည်။
အိမ်ရောက်တော့လည်း နွားစာ ထုံးချ နွားစာစဉ်း ၊နွားတွေ စားကျင်းတပ်ဖို့ အဆင့်သင့်လုပ် ၊နွားကျွေး ပြီ ချက်ချင်း စက်ဘီး ထုတ်ပြီ အပြင်ထွက်ဖို့ပြင်လိုက်သည်။
ဒါကို မြင်တဲ့ အမေက ဘယ်တုန်း မေးတော့ သွားစရာလေးရှိလို့ ခဏအမေဆိုပြီ မြကျော် ရွာရှေ့ကို ထွက်လာလိုက်၏။
မြကျော် ထားထားဦးတို့ခြံထဲ ရောက်သည်နှင့် တင်လှကို အရင်ရှာသည်။
ကျန်အိမ်သူအိမ်သားများက မြကျော်က လာနေကျမို့ ဘာအကြောင်း ကြောင့်လာသလဲ ။ ထွေးထွေးထူးထူး မမေးမြန်းပါ။
မြကျော်ကလည်း သာမန် ပြောစရာရှိသည့်ဟန်ဖြင့် တမာပင်ကြီးအောက်က စင်ပေါ်ထိုင်ရင်တင်လှကို တိုးတိုး မေးသည်။
“တင်လှ မင်း ခင်စန်းဦး နဲ့ ကျော်နိုင် ကြိုက်နေတာကို ဘာလို့ ငါတို့ကို ပြန်မပြောပြသလဲ ..”
မြကျော်က မေးလိုက်သည်နှင့် တင်လှက ထိတ်ထိတ်လန့်လန့်
“ဟာ..ကိုကြီး မြကျော်က ဘယ်လိုလုပ်သိသွားသလဲ ..”
“ဒါဆို ငါထင်တာ သေချာပြီပေါ့ ”
“ဟာဗျာ .. ကိုကြီး မြကျော်က သေချာမသိဘဲ ကျုပ်ကို နိူက်မေးတာပေါ့ ..”
“ဟဲ့ .. ဘာနိူက်မေးတာလဲ ..”
စားကျင်းထဲ နွားစာထည့်ရင် ထားထားဦးက ကြားဖြတ်လှမ်းမေးတော့
တင်လှက အလန့်တကြား ဘာမှ မဟုတ်ရပါဘူးဗျာ လို့ ဖြေသည်။
ဖြေပြီ တင်လှက ချက်ချင်း မြကျော် အနားက ထသွားသည်။
သိနေသည်ကို မြကျော်ပြောချင်ရင်လည်း ပြော။ မပြောချင်ရင်လည်းနေပါစေ။သဘောပဲ ။ဆန္ဒအတိုင်း ဆိုသည့်
မျက်၀န်းများဖြင့် တင်လှက ကြည့်ပြီ ထသွားသည်။
သူ့ကို သနားသောအားဖြင့် မြကျော် နူတ်လုံမည်ဟူ၍လည်း သိနေပုံရသည်။
မြကျော်လည်း အဖြစ်မှန်ကို သိပြီနောက် နောက်မှပဲ အကြောင်းတိုက်ဆိုက်မှ ပြောပြ ဖို့ ဆုံးဖြတ်လိုက်သည်။
အခုပြောအခု ထားထားဦးက မိုးမီးလောင် သည်ထက် ဆိုးအောင် သောင်းကျန်းနေမှာ။
မြကျော် အဲ့သလိုတွေးပြီ ဘာဟင်းချက်သလဲ ဒေါ်ဒေါ်တင် ကိုလှမ်းမေး
တော့
“ငါးပိကောင်ကို ခရမ်းချဉ်သီးလေးနဲ့ ရေကျဲ ချက်ထားတာ သဗြဲညွန့်မြုပ်..မင်းကြိုက်မှန်းသိလို့ ထမင်းပိုချက်ထားတယ် ။
ထမင်းစားပြီ မှ ပြန် သလား..”
ဒေါ်ဒေါ်တင်က ချက်ရင်ပြုတ်ရင် အားရပါးရ ခေါ်ကျွေး နေသည်မို့ မြကျော် လက်မနှေးဘဲ ထမင်း၀င်စားလိုက်သည်။
ထို့နောက် ... နောက်နေ့ နောက်နေ့ များမှာ မိုးတွေစဲတော့ အလုပ်ကိုယ်စီ
ဖြင့် လူပ်ရှားရုန်းကန် လိုက်တာ မြကျော် ခေါင်းထဲ ကျော်နိုင် နဲ့ ခင်စန်းဦးကို မေ့သွားသည်။
ဤသို့ဖြင့် ပွင့်လင်းရာသီအစပြု မိုးလေ ကင်းလွတ် သီတင်းကျွတ်လ
သို့တိုင်ခဲ့သည်။
ဒီနှစ်မြစ်ရေတက်လို့ အင်းထဲက လယ်တချို့ ပျက်စီး ခဲ့ကြပင်မယ့် ကုန်းပိုင်းက လယ်တွေကတော့ အထွက်ကောင်းမည့်ဟန်တွေဖြင့်
စပါးပင်တွေက ညွတ်ကျနေသည်။
ကိုယ့်လယ်တောသွားရင် ထားထားဦးတို့ အပေါင်ခံ လယ်ကွင်းမြင်မိတော့
မြကျော် ကျေနပ်၀မ်းသာမိသည်။
ဒီနှစ် စပါးပေါ်ရင် ထားထားဦးတို့ ရွာထဲ ပြောင်း အိမ်ဆောက်ကြတော့မယ်လေ။
၀မ်းသာစရာပေါ့။
ရေတိုးစဉ်က ရထားတဲ့ အသားတွေ လာရောင်းကြတိုင်း ပေါ ချောင် ကောင်း ၀ယ်စုထားတဲ့ ထားထားဦး ရည်မှန်းချက် အတိုင်း
နှစ်ထပ်အိမ်အမြင့်ကြီး ဆောက်နိုင်တော့မယ်လေ။
ရွာလယ်ခေါင်မှာတော့ မဟုတ်ပင်မယ့် ရွာထိပ်နားမှာ ပေါ့။
ဝိုင်းက အတော်ကျယ်ပြီ တလင်းလည်း လုပ်လို့ရ။
နွားတွေလည်း ထားလို့ရနဲ့ အဆင်ကိုပြေလို့။
@@@
“မမကြီး ..”
“အေး..”
“ဟိုဖက်ရွာက သီတင်ကျွတ်လပြည့်နေ့ ဘုရားပွဲကို ဇာတ်ပွဲပါသတဲ့တော့
သိသလား ..”
“သုံးညတောင် ပဲ တဲ့ ..”
ထားထားဦးကိုယ်ပေါ် တက်နင်းပေးရင် တင်မာဦး နဲ့ နီလာဦး ညီအစ်မ နှစ်ယောက်က အတိုင်အဖောက် ညီညီ ပြောနေကြသည်။
သည်လို ညီမငယ်နှစ်ယောက် ပြောနေသည်ဆိုလျှင် ထားထားဦး သဘောပေါက်ပါသည်။
သူတို့ အ၀တ်စား အသစ် ရချင်သည်ဆိုတာကိုပေါ့။
သို့ပင်မယ့် မသိချင်ယောင်ဆောင် ပြီ
“ဟုတ်သလား အေး ..” လို့ပဲ ဖြေလိုက်သည်။
ဒါကို မကျေနပ်သည့် အငယ်နှစ်ယောက်က သူတို့ အချင်းချင်းပြောသလိုဖြင့် ထားထားဦး ကြားအောင်
“မတင်မာဦး ၊ ရင်ရင်မြ က ကျုပ်ကိုပြောသွားတယ်သိလား၊
သူတို့ အ၀တ်စား အသစ်၀ယ်ပေးဖို့ သူတို့ အစ်ကိုကြီး မြကျော်က မုန့်ဖိုးပေးမယ် တဲ့ ..”
“ဟုတ်ပါ့အေ ငါ့ကိုလည်း ရင်ရင်လှက ပြောသွားပါ့။
သူတို့က ဇာဂါရာ ကြီးတွေ ၀ယ်၀တ်မယ်ဆိုပဲ ..”
“အပေါ်အောက် ဂါ၀န် လုပ်စမ်းပါတော် ၊ အရင်တစ်ခါ ရွာမှာ လာပြသွားတဲ့ ပိတ်ကားကြီးထဲက ကလေးမလေး ၀တ်သလို
ဂါ၀န်တဲ့ ရင်ရင်မြ ငကြွားမက ပြောသွားတာ..”
တင်မာဦး နဲ့ နီလာဦး စကားကြားရသည်နှင့် ထားထားဦးက မအောင့်နိုင်တော့ပဲ
“အောင်မယ်လေးအေး ၊ ညည်းတို့ ရင်ရင်လှ နဲ့ ရင်ရင်မြကို အတင်းချမနေပါနဲ့။
ညည်းတို့လည်း လိုချင်တယ်မို့လား ။
ညည်းတို့အကြောင်း ရိုးနေပါပြီ။
ညည်းတို့ လေးယောက်ပေါင်း လောင်းကျော်မတွေ။
ဟိုညီအစ်မနှစ်ယောက်ကလည်း သူတို့ လိုချင်တာရှိရင် တင်မာဦးနဲ့ နီလာဦးကို လွှဲချ။
ညည်းတို့ ညီအစ်မ နှစ်ယောက်ကလည်း ရင်ရင်လှ နဲ့ ရင်ရင်မြ ကိုလွှဲချနဲ့ မျောက်လွှဲကျော်မတွေ။
တစ်ယောက်မှ ၀ယ်မပေးဘူး။
မြကျော် ကိုလည်း ငါပြောမယ်။
မ၀ယ်ပေးရဘူးလို့..”
ထားထားဦးက အော်လိုက်တော့ ညီအစ်မနှစ်ယောက် စာကျက်တော့မယ်
ပြောပြီ ချက်ချင်းဆင်းပြေးသည်။
ညီအစ်မ နှစ်ယောက် ပြေးသွားတော့မှ ခင်စန်းဦးက ထားထားဦးအနား
ရောက်လာသည်။
ရောက်သည်နှင့် မမကြီး ခေါ်တော့
“ပြော .. ညည်းကလည်း ဘာလို ချင် သလဲ ..”
ထားထားဦးကမေးတော့ ခင်စန်းဦးက လက်နှစ်ဖက်ကို လိမ်ပြီ ခေါင်းငုံ့လျက်
“ဘာမှ မလိုချင်ပါဘူး ..”
“ဒါဖြင့်ရင် ဘာလို့ ငါ့အနားကို ထူးထူးဆန်းဆန်း လာသလဲ ..”
ထားထားဦးက ပါးနပ်စွာ မေးတော့ ခင်စန်းဦး ဖြေရခက်သည်။
မမကြီး နဲ့ သူမ ဟိုးငယ်ငယ်တုန်းကလို အမေကြီး အလယ်မှာထား
ညတိုင်း စကားတွေ ပြော မအိပ်ဖြစ်တာ နှစ်ချီပါပြီ။
အိမ်ကို လယ်ကူလုပ်ဖို့ မပို တို့ မ၀င်းသူတို့ ရောက်ကတည်းက ဆိုပါတော့။
နေ့ဖက်မှာလည်း မမကြီးက နေ့စဉ်လိုလို တစ်နေကုန် နီးပါး ဈေးရောင်း
ထွက်ရ။
ခင်စန်းဦးက နွားစာရိတ် ထွက်ရ ၊ လယ် ထဲဆင်းရ နှင့် ညီမနှစ်ယောက်
အလှူနားနီး ဇာတ်ပွဲနားနီး မှ အ၀တ်စား အကြောင်းကြာကြာပြောဖြစ်သည်။
တစ်အိမ်လုံးမှာ မြို့ကို ခေါက်တုံ့ခေါက်ပြန် သွားလာနေသူက မမထား။
ဒါ့ကြောင့် အ၀တ်စား အသစ်ကလေး ၊ ပိတ်စ အသစ်ကလေး လိုချင်ရင်
အမေ ထက် မမထားကို ညီမတတွေ အားကိုး မှာနေကြရသည်။
ဒါတွေ ကြောင့်လည်း မမထားက သူမအနား ခင်စန်းဦး လာတော့
ပိတ်စ အသစ် လိုချင်၍ လာထိုင်သည်ဟု ထင်နေပုံရသည်။
အမှန်မှာက ခင်စန်းဦးက ပိတ်စ လိုချင်၍ မဟုတ်။
အခြား အကြောင်းကို မမကြီး ဆီ ရင်ဖွင့် လိုက်ရင် ကောင်းမလား ဆိုသည့် အတွေးဖြင့် လာခဲ့ချင်ဖြစ်သည်။
သို့ပင်မယ့် ပြောမထွက်၍ နောက်ပြန်ဆုတ်ပြီ ခင်စန်းဦး လှည့်ပြန်သွားသည်။
နောက်နေ့ များမှာတော့ ခင်စန်းဦး နွားစာရိတ်ရင် အပေါင်းဖော်များရဲ့
အကြံပေးချက်အတိုင်း ကိုကြီး မြကျော် ကို သူမ ဒုက္ခ ပြောပြဖို့ ကြံသည်။

YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romance"လမင်း ကြီးကို မြင်တယ်လေ ဟယ်.." "လမင်းကြီးက မလှဘူးလား .." "လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ .." "အေး .. နင် နဲ့တူတယ် .." မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွ...