Rick-29

2K 148 13
                                    

စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
         (၂၉)

“ခင်စန်းဦးက မလိမ်မာပါဘူး။ သို့ပင်မယ့် အမေသင်ပေးထားတဲ့ ငါးပါးသီလကို နိုင်အောင်ထိန်းပါတယ်။

အမေ့ အတွက် မျက်နှာပန်းလှတဲ့ သမီးမဖြစ်ခဲ့ပင်မယ့် အားကိုးရတဲ့ သမီးတစ်ယောက်တော့ ဖြစ်ချင်ခဲ့တာ။

ထားပါတော့လေ အခုတော့လည်း အမေ့မှာ အားကိုးစရာ သမီးကြီး နဲ့သမက် ရှိနေပါပြီ။
ခင်စန်းဦး မလိုတော့ပါဘူး။

အိမ်မှာ ခင်စန်းဦး ရှိနေမှ အများ ပြောစရာ အထင်သေးစရာ ဖြစ်နေမှာ..”

ချစ်လွန်းလို့ တောင်တွေပေါ်ထိ စွန့်စားလိုက်လာတဲ့ မမကြီးမေတ္တာကို နားလည်ပေသော်ညား ရင်ထဲ ခံစားရသမျှကိုတော့ အားမနာတမ်း ခင်စန်းဦး ပြောလိုက်မိသည်။

ခင်စန်းဦး စကားဆုံးသည်နှင့် မမက အတင်းငိုရှာတယ်။

ငိုရင်

“ငါမိုက်တာပါအေ ...ငါမိုက်တာ။ ငါအတ္တကြီးပြီ ကျော်နိုင် နဲ့ ညည်းပေးစားဖို့ကို ဖျက်ဆီးမိတာ ..အခုတော့ ငါကြောင့် ညည်းမှာ
အခုလို တစ်နယ် တစ်ကျေး..”

ဒီတစ်ကြိမ်မှာတော့ ခင်စန်းဦး မမစကားတွေဆုံးအောင် နားမထောင်နိုင်။

မမလက်မောင်း နှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ပြီ လေသံ ပြတ်ပြတ်ဖြင့် ပြောသည်။

“အို ..ဘယ်ကလား မမ မိုက်ရမလဲ။
မမ လိမ်မာတာ ။ မမပါးနပ်ခဲ့တာ။

ကိုကျော်နိုင်လို သစ္စာမရှိ၊ကိုယ်ကျင့်မရှိတဲ့ ယောကျာ်း ဆီကနေ ခင်စန်းဦး တစ်ခါပဲ အလိမ်ခံမယ်။

နှစ်ခါ အလိမ်မခံနိုင်ဘူး။

အမေကတော့ တည်မိတဲ့ ဘုရား လဒ နားနား ကျီး နားနား သဘောနဲ့ သည်းခံ ယူစေချင်တယ်တဲ့။

အို ..ကျွန်မလေ အမေ့စကားကြားရုံ နဲ့ ကိုကျော်နိုင် ကို လင်တော် ဖို့ ရင်ထဲ စို့လိုက်တာ။

ပြောမနေပါနဲ့။ မမ ပဲ စဉ်းစားကြည့်ပါလေ။

ကျွန်မ အရေးကြုံနေလို့ လာခိုးပါ ၊လာတောင်းပါ၊အကြိမ်ကြိမ်ပြော ခယတုန်းချိန်က သူက အသောက်အစားမပျက် အရေးမလုပ်။

အခြား မိန်းမကိုတောင် သွားတောင်းဖို့ ကြံခဲ့တဲ့လူ။

ဒီလိုလူက အခုမှ ကျွန်မကို လိုချင်သတဲ့။
လွယ်လွယ်လေး ပြောထွက်လိုက်တာ။

ပြောထွက်တဲ့ သူ့ပါးစပ်ကို အ၀တ်ချုပ် အပ်နဲ့တောင် ကျွန်မ ဆွဲချုပ်ပစ်ချင်တယ်။

ကျွန်မ အဲ့သလောက်တောင် သူ့ကို မုန်းတယ်။

အမြင်ကတ်တယ်။ ရွံ့တယ်။

ဒါ့ကြောင့်  သူလိုလူနဲ့ တစ်သက်လုံး ပေါင်းရမယ့်အစား ကြမ်းတစ်ပြေးတည်းအိပ်ရမယ့်အစား လက်ဖက်ခူး လိုက်သွားရင် ကားမှောက်ပြီ သေချင်သေပါစေ လို့ ကို
တွေးခဲ့တာ..”

အားရပါးရ ပြောချလိုက်သော ခင်စန်းဦး စကားကြားတော့ ထားထားဦးမှာ ထိတ်လန့်သော အသံဖြင့်

“အိုအေး ...မပြောကောင်း၊ မတွေး ကောင်းတာတော်.

ဒါနဲ့ အမေက ညည်းကို ဟိုသူတောင်းစားနဲ့ ပေးစားမယ် လို့ ပြောသေးတာလား ..”

“ပြောတာပေါ့တော် ...မမတို့ လယ်တော ထွက်တိုင်း ဒေါ်ဒေါ်နု နဲ့ ကိုဖိုးတင်အောင်က အိမ်ကိုလာလာပြီ အဖေ့ နားချလိုက်၊ အမေကြီး နားချလိုက် ၊အမေ့ နားချလိုက် နဲ့။

ဒီကြားထဲ ကြီးဒေါ် မေရှင်က တစ်မျိုး။

ကျွန်မ မယ်စိတ်ညစ်လွန်းလို့ သေချင်စော်နံ့တာပဲ။

အမေက ဒေါ်ဒေါ်နု ပြောစကားကို အစက နားမ၀င်ပါဘူး။

ကြီးဒေါ်မေရှင်က သူမ တူတွေ နာမည်ပျက်တယ်။

လူအထင်သေးတယ် ခဏ ခဏပြောတော့ အမေက ကျွန်မကို

“ဆိုးဆိုး မိုက်မိုက် ညည်း ကျော်နိုင် ကို ပေါင်းပါ့လားအေး တဲ့ ..”

အမေ့စကား ကြားတာနဲ့ ကျွန်မ ငိုတာပေါ့။

ဒီလိုနဲ့လက်ဖက်ခူးသွားကြမယ့်သူတွေ အလည် ရောက်လာတုန်းကမှ ရင်ထဲစို့နစ်နေတဲ့ အလုံးကြီး ကျသွား‌ တော့တာပဲ။

ဘာပဲဖြစ်ဖြစ် ကျွန်မစထွက်လာကတည်းက ပျော်ပျော် မပျော်ပျော် ထွက်လာတဲ့ အရပ်မှာ ပျော်အောင်နေမယ် စဉ်းစားထားပြီသား ..”

“ဒါဆို ညည်းက တို့နဲ့ ပြန်မလိုက်တော့ဘူးပေါ့ နော်.. ဟုတ်သလား ..”

ဒီ‌အမေးကို ထားထားဦးက လေးတွဲစွာ ငိုသံတွေ ဗလုံးဗထွေ မေးခဲ့တာပါ။

အဖြေကိုတော့ ခင်စန်းဦးက  နံနက်မိုးလင်းမှ
သူမခင်ပွန်း စိုင်းလုံ နှင့်အတူ ထိုင်ကန်တော့ပြီ ပြောသည်။

“ကျွန်မက အခုဆို အစ်ကို စိုင်းလုံ မိန်းမ စစ်စစ် ဖြစ်နေပါပြီတော် ..”
တဲ့။

အဟုတ်ပါပဲ။ ခင်စန်းဦး အစ်ကို စိုင်းလုံရဲ့ မိန်းမ ဖြစ်ရတာကို ပျော်တယ်။

အစ်ကို စိုင်းလုံမှာ လယ်တွေလည်း မရှိပါဘူး။ ယာခင်း သေးသေးလေးပဲရှိတယ်။

အိမ်အမြင့်ကြီးလည်း မပိုင်ပါဘူး။ ချောင်းကလေးဘေးမှာရှိတဲ့ တဲအိမ် ကလေးပဲ ပိုင်တယ်။

ရွှေတွေလည်း  မရှိပါဘူး။ ဒါပင်မယ့် ခင်စန်းဦး လိုချင်ရင် ရွှေတွေထွက်တဲ့ မိုင်းရူ ဘက်မှာ ကိုယ်တိုင် ရွှေသွားကျင် ပေးမယ်တဲ့။

ပြီတော့ အစ်ကိုစိုင်းလုံက ခင်စန်းဦး လက်ဖက်ခူးဖို့ ပလိုင်း ကလေး တောင် ဝါးသွားခုတ်ပြီ ကိုယ်တိုင်ယက်ပေးတာ။

ခင်စန်းဦး ယာဆန် မစားနိုင်လျှင် အညာဆန် နဲ့လဲ စားရအောင် အစ်ကို စဉ်းစားထားတယ်တဲ့။

အို .. စားနိုင်ပါတယ်တော်။ ခင်စန်းဦး ဆိုတဲ့မိန်းကလေးက ရွှေလင်းဗန်းနဲ့ အချင်းဆေး ပြီ မွေးလာတဲ့ မိန်းကလေးမှ မဟုတ်ပဲ။

သူများလယ် က ကောက်သင်း ကောက်လို့ ရလာတဲ့ စပါးစေ့ကလေး တွေတောင် တမြတ်တနိုး စားလာတာ။

ယာဆန် ဆိုတာ ခင်စန်းဦးတို့ နတ်တင်လျှင် တမင်၀ယ်ချက်ရတဲ့ ကောက်ညှင်းလို စီးစီးကလေးနဲ့ စားလိုက်ရင် ဗိုက်တွေပြည့်လို့
တော်တော်နဲ့ ဗိုက်မဆာလွယ်ဘူး။

ခင်စန်းဦးက ပြောတော့ အစ်ကို စိုင်းလုံက ပြုံးပြုံးကလေး ကြည့်ပြီ ပြောရှာတယ်။

“ခင်စန်းဦးကလေးက ရိုးပြီ ချစ်ဖို့ ကောင်းလိုက်တာကွယ် ။

အစ်ကို တော့ ခင်စန်းဦး ထားသွားရင် လွမ်းနာကျ မှာ ပဲ ..”

ချစ်ဖို့ ကောင်းတယ်ဆိုတဲ့ စကားတွေ ခင်စန်းဦး ကြားဖူးပါသည်။

အစ်ကို စိုင်းလုံ ပြောတဲ့ လွမ်းနာကိုတော့ ဘယ်သူ့မှ တယုတယ ခင်စန်းဦးကို မပြောဖူးပါဘူး။

ဒါ့ကြောင့် အစ်ကို စိုင်းလုံကို ပြန်မေးမိတယ်။

“လွမ်းနာ ဆိုတာ ဘာလဲ ဟင် ..”

ခင်စန်းဦး မေးတော့ အစ်ကိုစိုင်းလုံက ခင်စန်းဦး လက်ဖျားကလေး ကို ခပ်ဖွဖွလေး ကိုင် သူ့ရင်ဘက်ပေါ်တင်လိုက်တယ်။

နောက်ပြီတော့ အစ်ကို မျက်‌လုံး မှေးမှေးကလေးတွေ အရောင် တလက်လက် နဲ့ ခင်စန်းဦး ကိုကြည့်ပြီ

“လွမ်းနာ ဆိုတာ ချစ်ရတဲ့သူက အစ်ကိုကို ချန်ပြီအဝေးကြီးကို ထွက်သွား တဲ့အခါ လွမ်းလွန်းလို့  ဟောဒီရင်ဘက် တစ်ခုလုံး
နာကျင်လာ ..တာပေါ့ ကွယ် ..”

အစ်ကို စိုင်းလုံ  စကား တွေကြားတော့ ခင်စန်းဦး ရင်တွေဟာ ပြောမပြတတ်အောင် အဆမတန် ခုန်လာသလို။

ဘာကိုမျှ မသိတော့အောင် ငိုချင်လာသလို။
ဟာလာဟင်းလင်းကြီး ဖြစ်သွားသလို ခံစားခဲ့ရသည်။

အဲ့ဒီ ခံစားချက်ကလေ လူအများ အထင်သေး လို့ သိမ်ငယ် ခဲ့ရတဲ့ မျက်ရည်တွေကို လွင့်စင် သွားအောင် ပုတ်ထုတ် လိုက် သည့်သဖွယ်။

ခင်စန်းဦး အသက်ရှင်ချင် လာသည်။

ခင်စန်းဦး မရှိရင် မဖြစ်ပါဘူးကွယ်လို့ တောင့်တမယ့်သူရှိလာပြီ။

ခင်စန်းဦး ခန္ဓာကိုယ်ပေါ်  စွန်းထင်းခဲ့တဲ့  မှဲ့တစ်ပေါက်ကို အပြစ်မမြင် ချစ်ခင်မယ့်သူ ရှိနေပြီ။

ခင်စန်းဦးကို ဦးမောင်မောင် ဒေါ်တင်တင် သမီးမို့ ချစ်တာမဟုတ်။

ခင်စန်းဦးကို ထားထားဦး ညီမမို့ ချစ်တာမဟုတ်။

ခင်စန်းဦးကို ခင်စန်းဦးမို့ ချစ်တာ။

အစ်ကို စိုင်းလုံက လက်ဖက်ခူးလာတဲ့အညာသူ ခင်စန်းဦး ကို မြင်ပြီ ချစ်တာ။

‌ည‌ နေစောင်းရင် ချောင်းစပ်နားမှာ ထိုင်ငိုနေတဲ့ ခင်စန်းဦး မျက်ရည်တွေကို သုတ်ပေးပြီ ချစ်တာ။

လက်ဖက်ခူးသူတွေ ပြန်တော့မယ် သတင်းကြားတော့ ခင်စန်းဦး တို့နေတဲ့ တောင်ကုန်းပေါ်ကို ပြေးလာလိုက်တာ ချွေးတွေများစိုလို့။

သူ့ယာခင်းထဲဆင်းလာတဲ့ ရွံ့ရေကလေးတွေ သူ့ဘောင်းဘီမှာ ရွဲလျက် သား။

ခင်စန်းဦး ပြန်မယ်ဆို နေတဲ့လိပ်စာ‌ ပေးခဲ့ပါ။
လိုက်လာဖို့ မဖြစ်နိုင်တောင် သိချင်သတဲ့။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Where stories live. Discover now