👑 7

196 50 4
                                    

ချန်း နိုင်ငံ၏ နန်းတော်တွင် ကျင်းပသော အခမ်းနားဆုံး လက်ဆက်ပွဲ။ နှစ်နှစ်ဆယ်ကျော် ကြာမြင့်ပြီးမှ ပြန်လည်ကျင်းပသော ပွဲတော်ကြောင့် နန်းတွင်းသူ နန်းတွင်းသားအားလုံးပျော်ရွှင်နေကြသည်။ အရှင်က မင်းသားဝမ်ယူ ကြင်ယာတော် မြှောက်လာခဲ့သော ချင် မင်းသမီးလေးနှင့် သူတို့ဓလေ့အရ လက်ဆက်ပွဲကို ကျင်းပပေးခြင်းဖြစ်သည်။ နယ်စပ်က တိုင်းခြားသွေးစပ်သည့် မင်းသမီးလေးက မထိရက်မကိုင်ရက်စရာ လှပလွန်းသည်ဟု နန်းတွင်းသူများကပြောကြသည်။ သည်ရက်ပိုင်းအတွင်း မင်းသားဝမ်ယူနန်းဆောင်ဘက် ခစားသည့် နန်းတွင်းသူများနှင့် မင်းသား ချန်းယောလ်အဆောင်ဘက် ခစားသည့် နန်းတွင်းသူများအကြား ကတောက်ကဆအချို့ရှိခဲ့သည်။ အကြောင်းရင်းကတော့ သူတို့ခစားသည့် မင်းသားများ၏ ကြင်ယာတော်များကို အလှချင်းပြိုင်၍ ဖြစ်ခဲ့ကြသည့် ကတောက်ကဆတွေဖြစ်သည်။ အဆင်တန်ဆာ ဆင်ယင်ထုံးဖွဲ့မှုအပြည့်နှင့် ချင်မင်းသမီးက အလွန်ပင်လှပသည်ဆိုသောသတင်းက မနက်ခင်းစောစောမှာပင် နန်းတွင်း၌ ပျံ့နှံ့လို့နေပြီဖြစ်သည်။ မင်းသားချန်းယောလ်နန်းဆောင်ဘက် ခစားသည့် နန်းတွင်းသူများကလည်း လန်နိုင်ငံက နန်းသွေး ဘယ်လောက်လှကြောင်း မြင်ဖူးမှ သိလိမ့်မည်ဟု ပြန်ပြောကြသေးသည်။ ပြီးခဲ့သည့်ညက ကြင်ယာတော်လောင်းက မင်းကြီးနှင့် ညစာစားဖို့ စီစဉ်ထားသော်လည်း မင်းကြီး၏ ကျန်းမာရေးအခြေအနေကြောင့် အစီအစဉ်ဖျက်ခဲ့ရပြီး ကြင်ယာတော်က
နန်းဆောင်တွင်း၌သာ ညစာကို အေးအေးဆေးဆေး သုံးဆောင်ခဲ့သည်။
ထို့ကြောင့် အနီးကပ် အခစားဝင်ရသူတစ်ဦးစ နှစ်ဦးစကလွဲလို့ ကြင်ယာတော်လှပကြောင်းကို ဘယ်သူမှ မျက်မြင်တွေ့ဖူးကြခြင်းမရှိသေးပေ။

ကြင်ယာတော်ဆူးက မင်းသားချန်းယောလ်နဲ့ လက်မဆက်ရသေးသည့်တိုင် ကြင်ယာတော်လောင်းအနေနဲ့ မင်းသားဝမ်ယူ၏ လက်ဆက်ပွဲသို့တက်ရောက်ရမည်ဖြစ်သည်။ ထိုပွဲသို့ (မျက်စိကွယ်သွားသော) အိမ်ရှေ့စံနှင့်အတူ မင်းသားချန်းယောလ်၊ မင်းသား ဒယ်ဂျွန်ဆောင်းတို့ပါ တက်ရောက်ကြမည်ဖြစ်သည်။
ဂျောင်ဆူးနေသည့် အဆောင်သို့ မနက်အစောပိုင်းကတည်းက ရောက်ရှိနေသော နန်းတွင်းသူများကို ဂရုမပြုဘဲ ရေချိုးဆောင်သို့ဝင်လိုက်သည်။ တကယ်တော့ သူနိုးနေတာ ကြာခဲ့ပြီဖြစ်ပြီး လန် နိုင်ငံကို လွမ်းဆွတ်သည့်စိတ်ကြောင့် အိပ်ယာပေါ်မလှုပ်မယှက် ထိုင်နေမိခြင်းဖြစ်သည်။ တစ်ညလုံးလည်း ကောင်းကောင်းအိပ်မရခဲ့သလို မိုးလင်းခါနီးမှ အိပ်ပျော်သွားပြီး အကျင့်ပါနေသည့် မျက်လုံးက မင်းသမီး ဆူမြောင်ကို မနက်ခင်း အခစားဝင်ရမည့်အချိန်အတိုင်း နိုးထလာခဲ့သည်။ မင်းသမီး ဆူမြောင် အဆင်မှ ပြေနေပါရဲ့လား။ ညအနည်းငယ်ခွဲခွာရရုံနှင့်ပင် လန် နိုင်ငံရဲ့အငွေ့အသက်တွေ သူအလွန်လွမ်းဆွတ်မိနေသည်။

THE EMPRESSWhere stories live. Discover now