အရှင်နဲ့ အရှင့်ဧကရီက မြင်းတစ်စီးစီ ရှေ့နောက် စီးလာခဲ့ကြပြီး တောထဲသို့ဝင်လာကြသည်။ အရှင့်ဧကရီက အမဲလိုက်ရခြင်းကို အလွန်အာရုံစူးစိုက်ထားပုံရပြီး မြင်းကိုဖြည်းညှင်းစွာထိန်းချုပ်ထားပြီး သားကောင်အသံကို နားစွင့်လို့နေသည်။ ခဏအကြာ ဖြတ်ခနဲပြေးသွားသည့် ယုန်ငယ်လေးကိုမြင်တော့ အရှင့်ဧကရီက မြင်းအောက်သို့ဆင်းကာ ခြေသံလုံလုံနှင့်လိုက်သည်။ အရှင်ကတော့ ကိုယ်တိုင်အမဲလိုက်ဖို့ထက် ဧကရီ့နောက်ကနေ လိုက်ပါစောင့်ရှောက်ဖို့သာ အာရုံရှိနေသလိုမျိုး ဧကရီလေးရဲ့ လှုပ်ရှားမှုနောက်ကိုသာ ငြိမ်သက်စွာ လိုက်ပါလျက်ရှိသည်။ အမဲလိုက်တဲ့နေရာမှာ အနှောက်အယှက်မဖြစ်အောင်လည်း မြင်းကို ခပ်ဖြည်းဖြည်းနှင်လျက် ခပ်လှမ်းလှမ်းက လိုက်သည်။
ဂျောင်ဆူးက ရိပ်ခနဲမြင်လိုက်ရသည့် ယုန်ငယ်လေးနောက် ခြေလျှင်လိုက်ခဲ့ပြီး အကာအကွယ်ကောင်းသည့်နေရာကနေ လေးနှင့်မြှားကို ထုတ်ချိန်လျက် ပစ်မှတ်ငြိမ်သည်အထိ အချိန်ယူစောင့်ဆိုင်းနေလိုက်သည်။ သူ့ပစ်မှတ်ဖြစ်သည့်ယုန်ကလေး အစားစားရင်း ငြိမ်သွားသည့်အခါ လေးကြိုးလေးကို အသာလွှတ်လိုက်တော့ မြှားဦးက ယုန်ဖြူလေးကို သွားစိုက်သည်။ ထိုအချိန်နဲ့ တစ်ထပ်တည်းမှာပဲ သူ့လက်မောင်းမှာ စူးအောင့်သွားသည်ကိုခံစားလိုက်ရပြီး မြှားတစ်စင်းလာစိုက်သည်ကို သိလိုက်ရသည်။
"တောက်..."
စိုက်ဝင်နေသည့် မြှားတံကို လက်မောင်းနားကနေ ကပ်ချိုးပစ်လိုက်ပြီး လှုပ်ခတ်သွားသည့် ခြုံပင်နောက်ကို သူဒေါသအလျောက် လိုက်သွားမည်အပြု သူ့ရှေ့က ဖြတ်ဝင်လာသည့် အရှင့်ကြောင့် ကိုယ်ရှိန်ကို သတ်လိုက်ရသည်။
"အရှင်..."
"မင်းဒဏ်ရာရသွားတာပဲ"
"ကျွန်တော် အဲ့ဒီလူနောက် လိုက်ရင်မီသေးတယ် အရှင်"
"နေပါစေ...နေပါစေတော့
အခုချိန်မှာ ကိုယ်တော့်ဧကရီရဲ့ လက်မောင်းကနေ သွေးယိုစီးတာကလွဲလို့
ဘာကများ ကိုယ်တော့်အတွက် အရေးပါနေရဦးမှာလဲ ကိုယ်တော့်ကိုပြပါဦး"