မင်းသားချန်းယောလ်၏ ကြင်ယာတော် နားနေရာအဆောင်တော်သို့ တစ်ကြိမ်ပြီးတစ်ကြိမ် သယ်ယူသွားကြသည့် အထုပ်အထည်များကို ခပ်ဝေးဝေးက အကဲခတ်နေသူတစ်ယောက်ရှိ၏။ ထိုသူကား မင်းသားဒယ်ဂျွန်ဆောင်းဖြစ်သည်။ မင်းသားချန်းယောလ်က မင်းသားဝမ်ယူရဲ့လက်ဆက်ပွဲကို ဝမ်းပမ်းတသာ ဂုဏ်ပြုပေးခြင်းအပေါ် မင်းသားဒယ်ဂျွန်ဆောင်းက သံသယဝင်လို့နေသည်။ နှုတ်မှ ထုတ်ဖော်ပြောခြင်းမရှိပေမဲ့ သူတို့မင်းသား သုံးဦးစလုံး အိမ်ရှေ့စံနေရာကိုရယူနိုင်ဖို့နဲ့ နန်းတက်နိုင်ဖို့ ကြိုးစားနေကြတာ အချင်းချင်း သိနေပြီးသားဖြစ်သည်။ အရင်ဆုံးလက်ဆက်သည့်အပြင် ကျန်သားတော်သုံးယောက်ထဲ အကြီးဆုံးဖြစ်သည့် မင်းသားဝမ်ယူက နန်းတက်ဖို့အခွင့်အရေးအမြင့်ဆုံးရှိနေပါလျက် မင်းသားချန်းယောလ်က ဘာမှအပူအပင်မရှိသလို အေးဆေးလို့နေသည့်အချက်က သံသယဝင်စရာကောင်းလွန်းသည်။
"ကြင်ယာတော်အဆောင်ကို ဘာတွေပို့နေတာလဲ"
"မင်းသားချန်းယောလ်က ကြင်ယာတော်ဆူး အပျင်းတော်ပြေဖို့ ပစ္စည်းအချို့ကို ပြင်ဆင်ပေးထားတာပါ
တိုင်းတစ်ပါးနိုင်ငံကလာတဲ့အပြင် မင်းသားကလည်း အချိန်ပြည့်အဖော်မပြုပေးနိုင်တော့ ကြင်ယာတော်ရဲ့တိုင်းပြည်ကို လွမ်းဆွတ်နေမှာစိုးလို့ပါတဲ့ မင်းသား"နန်းတွင်းသူတစ်ယောက်ဆီကအဖြေကိုကြားရတော့ မင်းသားဒယ်ဂျွန်ဆောင်းက ခေါင်းကိုတငြိမ့်ငြိမ့်ပြုနေသည်။ အစ်ကိုတော်လို အမြဲတင်းမာနေတဲ့ လူကလည်း ကြင်ယာတော်ကို ချစ်တတ်သေးသားပဲ။ အစ်ကိုတော်ဝမ်ယူကတော့ ကံဇာတာကိုတိုက်စစ်ပြီး မင်းသမီးကို လက်ဆက်ခဲ့သည်။ အစ်ကိုတော်ချန်းယောလ်ကရော အဘယ်သို့သော အချင်းအရာဖြင့်များ ကြင်ယာတော်ဆူးကို ရွေးချယ်ခဲ့ပါသနည်း။ အမှန်တကယ်ချစ်မြတ်နိုး၍ပဲလား။ သို့တည်းမဟုတ်...တိုင်းပြည်ရဲ့ရတနာ ဖြစ်နေလို့ပဲလား။ အစ်ကိုတော်ကိုယ်တိုင်သာသိလိမ့်မည်။
👑
ကြင်ယာတော်နန်းဆောင်တွင် ပြည့်လျှံလို့နေသည့် ဗြက်စောင်း၊ ပုလွေ၊ စာအုပ်၊ ပန်းထိုးသည့်ချည်များနှင့် အပျော်တမ်း ကျား ကစားသည့် သစ်သားပြားများကိုကြည့်ရင်း ကြင်ယာတော်ဆူးက နှာခေါင်းရှုံ့လိုက်သည်။ သူလိုချင်တာ ဒါတွေမှ မဟုတ်တာပဲ။ ဒီကိုရောက်ကတည်းက ကောင်းကောင်းလေ့ကျင့်မှု မပြုလုပ်ရသေးသည့် ဓားရေးကို လေ့ကျင့်ချင်နေတာဖြစ်သည်။ သို့သော် မင်းသား၏ ကြင်ယာတော် မိန်းမငယ်အနေနှင့် ရောက်နေခဲ့ရသည့်သူက ဓားကိုင်ခွင့်မရှိခဲ့ပေ။ ပျင်းရိလွန်းလို့ အိပ်ယာထက် လှဲလို့နေတာများတော့ အဆောင်တွင်ခစားသူများက ကြင်ယာတော်နေမကောင်းကြောင်း မင်းသားချန်းယောလ်ဆီလျှောက်တင်ကြ၍ ထိုကဲ့သို့ပစ္စည်းအစုံကို အပျင်းပြေစေရန် ပို့ပေးလာခြင်းဖြစ်သည်။